“မန်ယူအသင်းကို ပြန်လည်ရောက်လာတဲ့ ရပ်ရှ်ဖို့ဒ် ကျောနံပါတ် ၁၄ ဝတ်ဆင်မည်”
11 Aug
မန်ယူအသင်းဟာ ဘာစီလိုနာအသင်းနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးပြီး ပြန်လည်ရောက်ရှိလာတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ကို ကျောနံပါတ် ၁၄ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ရပ်ရှ်ဖို့ဒ် က မန်ယူအသင်းမှာ နောက်ဆုံး ၇ ရာသီဆက်တိုက် ကျောနံပါတ် ၁ဝ ဝတ်ဆင်ခဲ့ပေမယ့် လက်ရှိ အချိန်မှာ ဘရာဇီးလ်တိုက်စစ်ကစားသမား ကူညာ က ကျောနံပါတ် ၁ဝ ဝတ်ဆင်နေပြီဖြစ်တာကြောင့် ရပ်ရှ်ဖို့ဒ် အနေနဲ့ ကျောနံပါတ် ၁၄ သာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရပ်ရှ်ဖို့ဒ်က မန်ယူယူ-၂၁ အသင်းမှာ ကစားစဉ်က ကျောနံပါတ် ၁၄ ဝတ်ဆင်ခဲ့ပြီး မန်ယူအသင်းကြီးမှာတော့ ကျောနံပါတ် ၃၉ ၊ ၁၉ နဲ့ ၁ဝ ကိုသာ ဝတ်ဆင်ခဲ့ဖူးကြောင်း သိရပါတယ်။ အက်စတွန်ဗီလာအသင်းကို အငှားနဲ့ သွားကစားစဉ်က ကျောနံပါတ် ၉ ဝတ်ဆင်ခဲ့ပြီး ဘာစီလိုနာအသင်းမှာ အငှားနဲ့ ကစားစဉ်မှာတော့ ကျောနံပါတ် ၁၄ ဝတ်ဆင်ခဲ့ပါတယ်။ (NVS 008)
11 Aug