“ကိုလံဘီယာနိုင်ငံ၌ ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်”
11 Aug
ကိုလံဘီယာနိုင်ငံ အနောက်ဘက်ဒေသတွင် ပြင်းအားမဂ္ဂနီကျု ၇ ဒသမ ၄ အဆင့်ရှိမြေငလျင်တစ်ခု ဩဂုတ်လ ၁၀ ရက်က လှုပ်ခတ်ခဲ့ကြောင်းနှင့် အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ဒေသတွင်းရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ငလျင်ဗဟိုချက်သည် နိုင်ငံမြို့တော် ဘိုဂိုတာ၏ အနောက်ဘက် မိုင် ၂၅၀ အကွာ ချိုကိုဒေသ ဆန်ဂျို့စ်ဒယ်ပယ်မာစီရင်စုတွင် တည်ရှိကြောင်း အမေရိကန် ဘူမိ တိုင်းတာရေးနှင့်ကိုလံဘီယာ ဘူမိတိုင်းတာရေးဌာနတို့၏ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ ငလျင် လှုပ်ခတ်ပြီး တစ်နာရီအကြာတွင် ပြင်းအား ၅ အဆင့်ရှိ နောက်ဆက်တွဲငလျင် လှုပ်ခတ်ခဲ့သည်။ ၎င်းငလျင်ကြောင့် မြို့တော်နှင့် ဘာရန်ကွီလာကမ်းရိုးတန်းအထိ တုန်ခါမှုကို ခံစားရပြီး တောင်ဘက်ရှိ အိမ်နီးချင်းအီကွေဒေါနိုင်ငံတွင် လည်း တုန်ခါမှုကို ခံစားလိုက်ရကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ ဘိုဂိုတာမြို့ အနောက်ဘက် မိုင် ၁၉ဝ အကွာရှိ မာနီဇာလက်စ်မြို့တွင် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ ကြောင်း မြို့တော်ဝန် ဂျော့ဂျ်အီဒွါဒိုရိုဂျက်စ်က ပြောကြားသည်။ အဆောက်အအုံ တစ်ဒါဇင်ကျော်နှင့် အိမ်ခြေ ၂၀ ကျော်သည် တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျက်စီးသွားကြောင်း ၎င်းက ပြောကြားခဲ့သည်။ မာနီဇာလက်စ်မြို့၏ တောင်ဘက်၊ လူဦးရေနှစ်သန်းရှိသော ကာလီမြို့ရှိ ပြိုကျသွားသော အဆောက်အအုံများတွင် နေထိုင်သူများ ပိတ်မိ နေကြောင်း သိရသည်။ လူပေါင်း ၁၃၀,၀၀၀ ခန့် နေထိုင်သော ကွစ်ဒိုမြို့ရှိ အဆောက်အအုံများတွင် ဒဏ်ရာရရှိမှု များနှင့်သိသာထင်ရှားသော ပျက်စီးမှုများရှိနေကြောင်း ချောကိုပြည်နယ်အုပ်ချုပ်ရေးမှူး နူးဘီးယား ကာရိုလိုင်းနား ကော်ဒိုဘာကူရီက ပြောကြားခဲ့ကြောင်း CBS သတင်းဌာနဖော်ပြချက်အရ သိရသည်။