“ဟော်မုရေလက်ကြားဖြတ်သန်းခ ကောက်ခံသင့်ကြောင်း အီရန်ပြော”
11 Aug
ဟော်မုရေလက်ကြားအတွင်း ရေကြောင်းဆိုင်ရာဝန်ဆောင်မှုများအတွက် ရေလက်ကြားဖြတ်သန်းသည့် အဖိုးအခကောက်ခံသင့်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စမေးဘာဂါအီက ဩဂုတ်လ ၁၀ ရက်မှာ ပြောသည်။ ရေလက်ကြားအတွင်း လမ်းကြောင်းအသစ်သတ်မှတ်ရန် အီရန်နှင့် အိုမန်တို့ ကြား ညှိနှိုင်းဆွေးနွေးမှုများတွင် ရေကြောင်းဝန်ဆောင်ခကောက်ခံရေးကိစ္စပါဝင်ခြင်း ရှိ၊ မရှိ သတင်းထောက်များ က အပတ်စဉ်သတင်းစာရှင်းလင်းပွဲမှာမေးမြန်းရာ ဘာဂါအီ က ယေဘုယျအားဖြင့် ရေကြောင်းဝန်ဆောင်မှုများ ပေးအပ်တဲ့အခါ ဝန်ဆောင်ခပြန်လည်ရရှိရမှာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့သည်။ ယခုအဆင့်တွင် အသေးစိတ်အချက်အလက်များကို မဆွေးနွေးရသေးကြောင်းနှင့်ဆွေးနွေးမှုများကို ဆက် လက် ပြုလုပ်နေဆဲဖြစ်သလို လုပ်ထုံးလုပ်နည်းဆိုင်ရာအချက်အလက်တချို့ကိုလည်း ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဆက်လက်ပြောထားသည်။ အီရန်နှင့်အိုမန်တို့ကြားဆွေးနွေးမှုသည် အဆင်ပြေချောမွေ့ပြီး အပြု သဘောဆောင်လျက်ရှိကြောင်း ဘာဂါအီက မှတ်ချက်ချခဲ့သည်။ ထို့အပြင် ရေလက်ကြားအတွင်း ဘေးကင်းလုံခြုံ သည့် သင်္ဘောသွားလာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေကြောင်းဝန်ဆောင်မှု ပေးအပ်ရေးနှင့် ရာဇဝတ်မှုနှိမ်နင်းရေးတို့အတွက် လုပ်ငန်းစဉ်များကို ထူထောင်သွားမှာဖြစ်တယ်လို့ သိရသည်။