“နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌကို လက်ခံတွေ့ဆုံ”
11 Aug
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က သြဂုတ်လ ၁၀ ရက်မွန်းလွဲပိုင်းမှာ နိုင်ငံတော်သမ္မတ၏ရုံးတော် ဧည့်ခန်းမမှာ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံမှာ လက်ရှိအချိန်တွင် ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့တဲ့ နိုင်ငံတော်အစိုးရ အနေနဲ့ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာနဲ့ ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေနဲ့ တတ်နိုင်တဲ့ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန် အတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံရှိနည်းပညာတက္ကသိုလ်များမှာ ငလျင်ဘေးဒဏ်ခံနိုင်တဲ့ အဆောက်အဦးများ ဆောက်လုပ်ခြင်းဆိုင်ရာဘာသာရပ်များသင်ကြားပို့ချပေးနိုင်ရေး နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)