“ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းမှာ စက်ရုံလည်ပတ်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး”
11 Aug
မန္တလေးတိုင်းဒေသကြီးအတွင်း ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းမှာ လုပ်ငန်းများဆောင်ရွက်ထားမှု၊ စက်ရုံများလည်ပတ်နေမှုအခြေအနေနှင့် လမ်းတည်ဆောက်ရေးလုပ်ငန်းများကို ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိ သူများက ဩဂုတ်လ ၁၀ ရက်နံနက်ပိုင်းမှာ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့က ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွင်း သစ်ပင်စိုက်ပျိုးထားရှိမှု၊ စက်ရုံများ လည်ပတ်နေမှု၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ရေပေးဝေရေးစနစ်များ ဆောင်ရွက်ထားရှိမှု၊ စက်မှုမြေကွက်များ အတွင်း လမ်းအသစ်ဖောက်လုပ်မည့် အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစီမံကိန်းအတွင်းရှိ CMP စနစ်နဲ့ ကင်မရာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်နေတဲ့ Burst Transmission Co.,Ltd စက်ရုံတို့ကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ အဆိုပါစက်ရုံက ဝန်ထမ်းအင်အား ကျား ၂၃၂ ဦး၊ မ ၂၈၅၄ ဦး၊ စုစုပေါင်း ၃,၀၈၆ ဦးဖြင့် ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ကုန်ချောပစ္စည်း များကို နိုင်ငံခြားသို့တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ အဲဒီနောက် စီမံကိန်းအစည်းအဝေးခန်းမမှာ ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းများဆောင်ရွက်ခြင်းမပြုရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရတနာပုံ ဆိုက်ဘာစီးတီးစီမံကိန်းမှာ ဖွဲ့စည်းထားတဲ့ ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့ဝင်များနေနဲ့ ကျရာကဏ္ဍများမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)