“ကျောင်းတွင်း အာဟာရကျွေးမွေးရေးအတွက် ကျပ် ၃ ဘီလီယံနီးပါး ခွဲဝေပေးခဲ့”
11 Aug
၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းတိုးမြင့်လာရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ကျောင်းတွင်းအာဟာရကျွေးမွေးရေးလုပ်ငန်းများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ရန်ပုံငွေကျပ် ၃ ဘီလီယံ နီးပါးကို ပထမအကြိမ် ခွဲဝေချထားပေးခဲ့ကာ ရှေ့ဆက်၍လည်း ဆက်လက်တိုးမြှင့် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ ဩဂုတ်လ ၁၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 မှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံ၏ မျှော်မှန်း သက်တမ်းတိုးမြင့်လာရေး ဆောင်ရွက်ရာ၌ အရွယ်မတိုင်မီ သေဆုံးမှုများကို လျှော့ချနိုင်ရန် လိုအပ်ကြောင်း၊ အခုလို ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့်ညီညွတ်တဲ့ လူနေမှုဘဝပုံစံများကို စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ကျောင်း နေစဉ်အရွယ်မှစ၍ လေ့ကျင့်သင်ကြားပေးမှသာ ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်တဲ့၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသောလူ့စွမ်းအားအရင်းအမြစ်များကို ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ကလေးအရွယ်မှစ၍ ဘဝတစ်သက်တာမှာ အစာအုပ်စု ၅ မျိုး ပါဝင်အောင် စုံလင်စွာ စားသောက် တတ်တဲ့ အလေ့အကျင့်ကောင်းများအပြင် မိသားစုများပါ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝမျှတသော အစားအသောက်များ စားသုံးတတ်သည့် အလေ့အထများကို ရရှိကျင့်သုံးကြရန် လိုအပ်ပါတယ်။ KG ကျောင်းသား/သူတွေအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းညှိနှိုင်းပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစတင်ဆောင်ရွက်ခဲ့ဖြစ်ပါတယ်။ အခုလိုကျောင်းတွင်းအာဟာရကျွေးမွေးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ ခွင့်ပြုရန်ပုံငွေများ ခွဲဝေချ ထားပေးလျက်ရှိရာ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ရန်ပုံငွေကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချ ထားပေးခဲ့ပြီး နောက်ပိုင်းတွင်လည်း ဆက်လက်တိုးမြှင့်ချထားပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ (NVS 008)