“ပခုက္ကူမြို့ မြစ်ရေဝင်ရောက်နေ၍ ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်နေရာချထား”
11 Aug
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းမှာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါကွင်းဆင်းစစ်ဆေးမှုမှာ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်ခဲ့ပြီး ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှုများ၊ မြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းပြီးနှင့် ရွှေ့ပြောင်းရန် လိုအပ်သည့်လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ယာယီရေဘေး ရှောင်စခန်းများ သတ်မှတ်နေရာချထားပေးရေး စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဩဂုတ်လ ၁၀ ရက်မှာ ပခုက္ကူမြို့၌ ဧရာဝတီမြစ်ရေက စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ဆက်လက်မြင့်တက်နိုင်တာကြောင့် ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်ရေး အပါအဝင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ ရေဝင်ရောက်နေတဲ့ ရပ်ကွက်များမှ ဒေသခံ များကို ရေဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေကြောင်း သိရပါတယ်။ (NVS 008)