“ဆီးရီးယားနှင့် ရုရှားတို့က ရုရှားစစ်စခန်းများ၏ အနာဂတ်အတွက် MoU ချုပ်ဆို”
10 Aug
ဆီးရီးယားနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ၁၈ လခန့် အကြိတ်အနယ်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် Hmeimim လေတပ်စခန်းနှင့် Tartous ရေတပ်စခန်းတွင် ရုရှား၏ စစ်ရေးတည်ရှိမှု အနာဂတ်နှင့်ပတ်သက်၍ နားလည်မှု စာချွန်လွှာ(MoU)တစ်ရပ်ကို ချုပ်ဆိုလိုက်ကြောင်း ဆီးရီးယားအာဏာပိုင်များက သြဂုတ်လ ၉ ရက်၌ ပြောကြားခဲ့သည်။ MoU အရ ဆီးရီးယားအနေဖြင့် အရပ်ဘက်သုံး အဆောက်အအုံများ၊ အထူးသဖြင့် Hmeimim လေဆိပ်နှင့် Tartous ဆိပ်ကမ်းရှိ စတုတ္ထမြောက် ကုန်သွယ်ရေးဆိပ်ကမ်းတို့ကို စီမံခန့်ခွဲ၍ ၎င်းတို့အား အရပ်ဘက်အုပ်ချုပ်ရေး တွင် တဖြည်းဖြည်းထည့်သွင်းသွားမည်ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က နိုင်ငံခြားရေး အာဏာပိုင်များ၏ မီဒီယာနှင့်ဆက်သွယ်ရေးဌာနကို ကိုးကား၍ ဖော်ပြခဲ့သည်။ နှစ်နိုင်ငံသည် စစ်အခြေစိုက်စခန်းများနှင့် အခြားစစ်ဘက်အဆောက်အအုံများအား အပြန်အလှန် အကျိုး စီးပွားများကို ကာကွယ်ရန်ရည်ရွယ်သည့် အစီအစဉ်အသစ်များအောက်တွင် ပူးတွဲလေ့ကျင့်ရေးနှင့် အရည်အချင်းစစ် စင်တာများအဖြစ် ပြန်လည်သတ်မှတ်ရန် သဘောတူညီခဲ့ကြောင်း SANA က ဖော်ပြခဲ့သည်။ ထို့ပြင် MoU က အသွင်ကူးပြောင်းမှု ပြီးမြောက်ရေးအတွက် သုံးလထက်မပိုသော အချိန်ကာလကို သတ်မှတ် ပေးထားပြီး ယင်းနောက်တွင် အစီအစဉ်အသစ်များ အသက်ဝင်မည်ဖြစ်ကြောင်းလည်း SANA က ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံသည် ဆီးရီးယားတွင် နှစ်ပေါင်းများစွာ စစ်ရေးတည်ရှိမှုကို ထိန်းသိမ်းထားပြီး Latakia ပြည်နယ်ရှိ Hmeimim လေတပ်အခြေစိုက်စခန်းနှင့် Tartous မြို့ရှိ ရေတပ်စခန်းတို့က ဆီးရီးယားရှိ ၎င်း၏အဓိက စစ်စခန်း နှစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Repost from Xinhua Myanmar)