“အစိုးရအနေနဲ့ မူလအခြေအနေအတိုင်းနီးပါးပြန်လည်ရောက်ရှိနိုင်ရေး တတ်နိုင်သမျှကူညီပေးသွားမည်”

10 Aug

နိုင်ငံတော်သမ္မတ က ရေဘေးသင့်သူများနှင့်တွေ့ဆုံစဥ် ရေပြန်လည်ကျဆင်းပြီးနောက် ပြည်သူများအနေနဲ့ မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြပါက မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သြဂုတ်လ ၉ ရက်နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများကို သွာရောက်တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး သမ္မတက အစိုးရအနေနဲ့ မူလအခြေအနေအတိုင်းနီးပါးပြန်လည်ရောက်ရှိနိုင်ဖို့ တတ်နိုင် သမျှကူညီပေးသွားမှာဖြစ်ပြီး ရေဘေးကြောင့်ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ချိန်မှာ မိဘ တွေအနေနဲ့ သားသမီးတွေကို ကျောင်းပြန်တက်နိုင်ဖို့ အလေးထားဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ်များ ကျောင်းပညာသင်ကြားခြင်းမှတစ်ဆင့် ပညာတတ်မြောက်မှုသာမက စည်းကမ်း ရှိမှု၊ စိတ်ဓာတ်ကောင်းမွန်မှုနှင့် ကြိုးစားအားထုတ်လိုစိတ်တို့ကိုပါ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်၍ ကလေးတွေကို ကျောင်းထားဖို့ အနူးအညွတ်တိုက်တွန်းပါကြောင်း နိုင်ငံတော်သမ္မတ က တိုက်တွန်းပြောကြားခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်မှာ ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၁၃၈ ရွာမှ လူဦးရေ ၃၉,၀၀၀ ကျော်ရေဘေးသင့်လျက်ရှိပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၁၇ ခု ဖွင့်လှစ်ထားရှိကြောင်း သိရပါတယ်။ (NVS 008)

10 Aug

ADVERTISE HERE .