ဂါနာကွင်းလယ်လူ ယီရန်ယီကို ကိုဗင်ထရီအသင်း ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့
09 Aug
နည်းပြ ဖရန့်လမ်းပတ်ရဲ့ကိုဗင်ထရီအသင်းဟာ ဒိန်းမတ်ကလပ် နော့စ်ဂျေးလန်းအသင်းက ဂါနာ လက်ရွေးစင်ကွင်းလယ်လူ ကာလက်ယီရန်ယီကို ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် တန်းတက်ကလပ် ကိုဗင်ထရီအသင်းဟာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ယီရန်ယီအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၇ သန်းနဲ့ အပိုဆုကြေးယူရို သုံးသန်းပေးခဲ့ရတာကြောင့် ကလပ်စံချိန်တင်ကြေး ဖြစ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မေလမှာ ယီရန်ယီဟာ ဂါနာလက်ရွေးစင်အသင်းနဲ့ပွဲဦးထွက်ကစားခဲ့ပြီး နိုင်ငံတကာပွဲ ၁၅ ပွဲကစားကာ နှစ်ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပနားမားနဲ့ပွဲမှာ ဂါနာအသင်း အတွက် နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းခဲ့ပြီး ဒီနိုင်ပွဲကြောင့်ပဲ ဂါနာအသင်း ၃၂ သင်းအဆင့်အထိ ရောက်ရှိခဲ့ပါ တယ်။ နည်းပြ လမ်းပတ်ဟာ ကိုဗင်ထရီအသင်းကို ၂၅ နှစ်အကြာမှာ ပရီးမီးယားလိဂ်ကို ပြန်လည် ပို့ဆောင်ပေးနိုင် ခဲ့ပြီး နောက် လာမယ့်ရာသီအတွက် ပြင်ဆင်မှုများစွာ ပြုလုပ်နေပါတယ်။ ကိုဗင်ထရီအသင်းအတွက် ယီရန်ယီဟာ ငါးဦးမြောက် ခေါ်ယူမှုဖြစ်ပြီး အွန်ယီကာ၊ ချာအူနာ၊ အာမန်ဒါနဲ့ ရပ်ရှ်ဝေါ့သ်တိုကိုလည်း ခေါ်ယူထားပါတယ်။ (NVS 008)