လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ် ၂၃ ဘီလီယံကျော်ရရှိ
09 Aug
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိရေဘေးဒဏ်ခံရသော ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအသုံးပြုရန် အလှူငွေပေးအပ်ပွဲကို သြဂုတ်လ ၈ ရက်မွန်းလွဲ ပိုင်းက ပုသိမ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အလှူငွေကျပ် ၂၃ ဒသမ ၃၂၄ ဘီလီယံကျော် ရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါအလှူငွေပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ တိုင်းဒေသနှင့်ပြည်နယ်များမှ စေတနာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များ၏ အလှူငွေများ ပေးအပ် လှူဒါန်းမှုကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အလှူငွေ ပေးအပ်ပွဲတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေနဲ့ ရေဘေးဒဏ်ခံစားရတဲ့ ဒေသများကို အလျင်အမြန် ကွင်းဆင်းကြည့်ရှု့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းအစိုးရအဖွဲ့ကလည်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားချိန်မှစ၍ ရေဘေးသင့်သူများ အား ရှာဖွေကယ်ဆယ်ခြင်း၊ ဘေးလွတ်ရာရွှေ့ပြောင်းပေးခြင်း၊ စားရေရိက္ခာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ မြစ်ရေတိုက်စားပြိုကျမှုမှ ကာကွယ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် တာဝန်ယူ ဆောင်ရွက် လျက်ရှိပါတယ်။ နိုင်ငံတော်သမ္မတ က ယခုရင်ဆိုင်ကြုံတွေ့ရသည့် ရေကြီးရေလျှံမှုတုံ့ပြန်ရေးလုပ်ငန်းများ သာမက ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအထိ အားတက်သရော ထောက်ပံ့ လှူဒါန်းပေးကြတဲ့ စေတနာရှင်များ၊ အလှူရှင်များ၊ အဖွဲ့အစည်းများ၊ တစ်ဦးချင်းလူပုဂ္ဂိုလ်များအားလုံးနှင့် ပူးပေါင်း လက်တွဲဆောင်ရွက်မှုများအပေါ် လှိုက်လှဲစွာကျေးဇူးတင်ရှိပြီး နိုင်ငံတော်နှင့်ရေဘေးသင့်ပြည်သူများ ကိုယ်စား ကျေးဇူးတင်ကာ လှူဒါန်းမှုများအပေါ် လေးစားစွာမှတ်တမ်းတင်သည်ဟုလည်း ပြောကြားခဲ့ပါတယ်။ (NVS 004)