သဖန်းဆိပ်ရေလှောင်တမံမှ ရေပိုလွှဲရေလွှတ်ထုတ်နေရသော်လည်း တမံကြံ့ခိုင်မှုရှိပြီး စိုးရိမ်ရန်မလိုဟု ထုတ်ပြန်
09 Aug
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း မိုးဆက်တိုက်သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု မြင့်တက်လာသဖြင့် တမံအတွင်း ရေထိန်းညှိရန် ရေပိုလွှဲမှ ရေစတင်လွှတ်ထုတ်နေရကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။ ကန့်ဘလူ မြို့မှာ ဩဂုတ်လ ၅ ရက်နဲ့ ၆ ရက်တို့တွင် မိုးရေချိန် ၇ လက်မမှ ၅ ဒသမ ၁၈ လက်မအထိ ရွာသွန်းခဲ့ရာ ဩဂုတ်လ ၅ ရက်တစ်ရက်တည်း၌ပင် တမံအတွင်းသို့ ရေပမာဏ ၁၂၃,၀၀၀ ဧကပေ ဝင်ရောက်ခဲ့ပါတယ်။ သဖန်းဆိပ်တမံ၏ ကန်ရေပြည့်ရေလှောင်ပမာဏမှာ ၂,၈၈၀,၀၀၀ ဧကပေ (ရေအမှတ် ၅၄၅ ပေ) ဖြစ်ပြီး ဩဂုတ်လ ၆ ရက် ညပိုင်း တိုင်းထွာချက်အရ ရေအမှတ် ၅၄၄ ဒသမ ၄ ပေရှိရာ ရေပြည့်ရန် ရေအမှတ် ၇ ဒသမ ၂ လက်မခန့်သာ လိုတော့တာ ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သဘောတူညီချက်နဲ့ ရေပိုလွှဲမှ ရေဧကပေ ၁၆၀,၀၀၀ အထိ တိုးမြှင့်လွှတ်ထုတ် ခဲ့ပါတယ်။ အဆိုပါပမာဏမှာ ရေပိုလွှဲ၏ဒီဇိုင်းအရ အများဆုံးလွှတ်ထုတ်နိုင်တဲ့ ဧကပေ ၂၈၀,၀၀၀ ၏ ၅၇ ရာခိုင်နှုန်း သာ ရှိပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပျက်စီးနေတာကြောင့် တမံအတွင်း သိုလှောင်ထားသော ရေများကို လျှပ်စစ်ထုတ်လုပ်ရန်နဲ့ စိုက်ပျိုးရေအတွက် အပြည့်အဝအသုံးပြုနိုင်ခြင်းမရှိဘဲ ရေပိုလွှဲမှ လွှတ်ထုတ် နေရခြင်းဖြစ်ပါတယ်။ တမံအောက်ဘက် မူးမြစ်အတွင်း ရေစီးဆင်းမှု များပြားလာသဖြင့် မြေနိမ့်ပိုင်းကျေးရွာများ အတွင်း ရေဝင်ရောက်နိုင်တဲ့အခြေအနေကို သက်ဆိုင်ရာမှဒေသခံများထံ ကြိုတင်အသိပေးထားပြီး လက်ရှိ တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး သဖန်းဆိပ်တမံမှာ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ (NVS 004)