“အင်္ဂလန်အသင်းကိုအနိုင်ရရှိသည့်နေ့အား အာဂျင်တီးနားနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်”
08 Aug
အာဂျင်တီးနားနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းက အင်္ဂလန် အသင်းကို အနိုင်ရရှိသည့်နေ့အား အာဂျင်တီးနားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ အင်္ဂလန်နှင့် အာဂျင်တီးနားအသင်းတို့က ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် ဇူလိုင်လ ၁၅ ရက်မှာကစားခဲ့ပြီး အာဂျင်တီးနားအသင်းကအနိုင်ရရှိခဲ့ရာ အဆိုပါနေ့ကို အာဂျင်တီးနားနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းနှင့် အင်္ဂလန်အသင်းတို့ဟာ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့ရာ မာရာဒိုနာ၏ လက်ဖြင့်ပုတ်၍ သွင်းယူသည့်သွင်းဂိုးဖြင့် အာဂျင်တီးနားအသင်းက အနိုင်ရရှိပြီးနောက် နှစ်ပေါင်း ၄၀ အကြာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ပြန်လည်တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါတယ်။ အာဂျင်တီးနားနှင့် အင်္ဂလန်နိုင်ငံတို့က ဖောက်ကလန်ကျွန်းအငြင်းပွားမှုများမှာ ကာလရှည်တည်ရှိနေဆဲ ဖြစ်ပြီး အာဂျင်တီးနားအသင်း ကစားသမားများကိုယ်တိုင်က အင်္ဂလန်အသင်းကို အနိုင်ရရှိသည့်ပွဲစဉ်အပြီးတွင် ဖောက်ကလန်ကျွန်းအရေးနှင့် ပတ်သက်သည့်စာသားများဖြင့် အောင်ပွဲခံသလို ယခုအခါတွင်လည်း အင်္ဂလန် အသင်းကို အနိုင်ရရှိသည့်နေ့အား အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။(NVS 008)