“ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် အစားအသောက် ဘေးကင်းနိုင်ရေးနှင့်ပတ်သက်ပြီး အများပြည်သူ သိရှိရန် အသိပေးချက်ထုတ်ပြန်”
08 Aug
ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် အစားအသောက်များ ဘေးကင်းနိုင်ရေးနှင့်ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေးကြေညာချက်ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားရှိပါတယ်။ ရေကြီးရေလျှံမှုကြောင့် သိုလှောင်ထားသော အစားအသောက်များက ကွဲအက်/ပျက်စီးနိုင်ခြင်း၊ မိလ္လာ၊ အညစ်အကြေး၊ ဆီနှင့် အခြားဓာတုပစ္စည်းများ ရောနှောပါဝင်နိုင်ခြင်းတို့ကြောင့် အစားအသောက်များကို စနစ်တကျ စစ်ဆေးပြီးမှ အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ရေကြီးမှုနှင့် ထိစပ်ခြင်းမရှိသည့် အစားအသောက်များ၊ သန့်ရှင်းပြီး အညစ်အကြေးကင်းစင်သော ရေစိုခံသည့် ထုပ်ပိုးပစ္စည်းများနှင့် ထုပ်ပိုးထားသည့် အစားအသောက်များ၊ စနစ်တကျသန့်စင်ပြီးနောက် ပျက်စီးခြင်းမရှိသည့် စည်သွပ်ဘူးများကို စားသောက်နိုင်မှာဖြစ်ပြီး ရေကြီးမှုနှင့် ထိစပ်ထားသည့် ချက်ပြုတ်ပြီးသော အစားအသောက်နှင့် မချက်ပြုတ်ရသေးသော အစားအသောက်နှင့် ကုန်ကြမ်းများ၊ အရောင်/အနံ့ ကောင်းမွန်ခြင်းမရှိသည့် သောက်သုံး ရေနှင့် အဖုံးမလုံသည့် သောက်ရေသန့်ဘူးများ၊ အနံ့အသက်/ အနေအထား/ အရောင်မကောင်းသည့် အစားအသောက် များ၊ စက္ကူပုံးများ/ ရေစိုမခံသည့် ထုပ်ပိုးပစ္စည်းများနှင့် ထုပ်ပိုးထားသော အစားအသောက်များ၊ ရေကြီးရေလျှံမှုနှင့် ထိစပ်ထားသည့် ပေါက်ပြဲ/ ဖောင်းပွ/ သံချေးတက်/ ပျက်စီးနေသည့် အစားအသောက်များ/ ဖောင်းနေသော/ သံချေး တက်နေသော/ ယိုစိမ့်ထွက်နေသော စည်သွပ်ဘူးများ၊ ဘေးကင်းခြင်းမရှိကြောင်း သံသယရှိသည့် အစားအသောက် များ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့သည့် ရေခဲသေတ္တာ/ Freezer အတွင်းသိမ်းဆည်းထားသော အစား အသောက်များကို စားသုံးခြင်းမပြုရန် အသိပေးထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရေကို ကျိုချက်ပြီးမှ သောက်သုံးရန်၊ သောက်ရေသန့်ဘူးကို သောက်သုံးမည်ဆိုပါက အဖုံးပိတ် မဖွင့်ရသေးသော/ ယိုစိမ့်ခြင်းမရှိသော ဘူးများကို အသုံးပြုရန်၊ အစာမစားမီ လက်ကို ဆပ်ပြာ/ရေဖြင့် စနစ်တကျ ဆေးကြောရန်နှင့် ရေသန့်ဆေးပြားခတ်၍ သုံးစွဲရန်တို့ကို အကြံပြုထားရှိပါတယ်။(NVS 008)