“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး”
08 Aug
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ထိုင်းအမျိုးသား လွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်းဆူရာဆာဂျာ နှင့် ဩဂုတ်လ ၇ ရက်နံနက်ပိုင်းတွင် ထိုင်းအမျိုးသား လွှတ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံဆွေးနွေးရာတွင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်အရာရှိကြီးများကို ထိုင်းအမျိုးသားလွှတ်တော်မှ လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးနှင့် မိမိတို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့အနေဖြင့် တွေ့ဆုံ ဆွေးနွေးမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ကောင်းမွန်သည့် အကျိုးရလဒ်များစွာနှင့် နားလည်မှုစာချွန်လွှာ များကို အပြန်အလှန်ရေးထိုးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မိမိတို့နှစ်နိုင်ငံအကြား တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူတကွလက်တွဲပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါ ကြောင်း၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား၌လည်း ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင် သွားမည်ဖြစ်ပြီး ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများကို အပြန်အလှန်ဖလှယ်သွားလိုပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများနှင့် ဆက်ဆံရေးကောင်း ရရှိနေမှုများအတွက်လည်း မိမိအနေဖြင့် များစွာ ဝမ်းမြောက်မိပါကြောင်းနှင့် လွှတ်တော်နှစ်ရပ်အကြား၌လည်း ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်ဆံမှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ မိမိတို့ထိုင်းနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အောင်မြင်ပြီး နှစ်နိုင်ငံနှင့် ပြည်သူများ၏အကျိုးအတွက် ယခုထက်ပိုမို ဆက်လက်ကြိုးပမ်း ဆောင်ရွက် နိုင်ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ အမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ယခုခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုပိုမို မြှင့်တင် ဖော်ဆောင်ရုံသာမက အစိုးရအချင်းချင်းအကြား၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည်မှာ ၁၅ နှစ်တာ ကာလမျှသာရှိသေးပြီး လွှတ်တော်အနေဖြင့်လည်း အတွေ့အကြုံနုနယ်သေးတာကြောင့် လွှတ်တော်ဆိုင်ရာ အတွေ့အကြုံကောင်း များစွာရှိသည့် ထိုင်းနိုင်ငံလွှတ်တော်နှင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်သွားလိုကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီး ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ အလုပ်သမားများ၏ အခွင့်အရေးများ ပြည့်ဝစွာရရှိစေရေး၊ ဥပဒေနှင့်အညီ အကာအကွယ်ပေးရေးတို့နှင့် ပတ်သက်၍ လည်း ကူညီဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ထိုင်း အမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့်အတူ လွှတ်တော်မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါတယ်။(NVS 008)