“သိပ္ပံပညာရှင်များက AI သုံးပြီး ဗိုင်းရပ်များဖန်တီး”
08 Aug
အမေရိကန် သိပ္ပံပညာရှင်များက Al ကိုအသုံးပြုခြင်းအားဖြင့် သဘာဝအလျောက် မရှိနိုင်သေးတဲ့ ဗိုင်းရပ် တွေကို ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းအောင်မြင်မှုက ဆေးဝါးကုသရေး ကဏ္ဍအတွက် လွန်စွာအကျိုးရှိနိုင်သလို အခြားတစ်ဖက်မှာလည်း ဇီဝလုံခြုံရေးဆိုင်ရာ စိုးရိမ်စရာအန္တရာယ် ကြီးမား စွာရှိကြောင်း သုတေသီတွေက ထောက်ပြခဲ့သည်။ စတန်းဖို့တက္ကသိုလ်နဲ့ MIT နဲ့ ဟားဗတ်တို့ရဲ့ Broad Institute မှ သုတေသီများက ဗိုင်းရပ်ရဲ့မျိုးရိုး ဗီဇထောင်ပေါင်းများစွာကို Al အသုံးပြုပြီး ဒီဇိုင်းထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အဲဒီထဲက ဗိုင်းရပ်ဒီဇိုင်း ၃၀၀ နီးပါးကို ဓာတ်ခွဲခန်းထဲမှာ ဓာတုနည်းနဲ့ပေါင်းစပ်ကာ ဖန်တီးစမ်းသပ်ရာမှာ ကူးစက်ပြန့်ပွားနိုင်စွမ်းရှိတဲ့ ဗိုင်းရပ် ၁၆ မျိုးကို အောင်မြင်စွာရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဗိုင်းရပ်များက လူကိုဒုက္ခပေးတာမျိုးမရှိဘဲ ဗက်တီးရီးယားများကိုသာ တိုက်ဖျက်တဲ့အမျိုးအစားများ ဖြစ်ပြီး ဆေးယဉ်ပါးဗက်တီးရီးယားများကို ပိုမိုထိရောက်စွာ သတ်ပစ်နိုင်သည်ကို တွေ့ရှိရသည်။ Al ကို သုံးပြီး ဗိုင်းရပ်တစ်ကောင်လုံးရဲ့ မျိုးရိုးဗီဇကို အောင်မြင်စွာဖန်တီးနိုင်တဲ့ ပထမဆုံးစံချိန်လည်းဖြစ်သည်။