“အမေရိကန်နှင့် အစ္စရေးသင်္ဘောများကို ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ပိတ်ရန် အီရန်စဉ်းစားနေ”
08 Aug
အမေရိကန်၊ အစ္စရေးနှင့် အခြားရန်သူ့နိုင်ငံများမှ ရေယာဉ်များကို ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့် ပိတ်ပင်မည့် ပဏာမဥပဒေကြမ်းတစ်ရပ်ကို အီရန်လွှတ်တော်ကော်မတီတစ်ရပ်က သုံးသပ်နေကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ဩဂုတ်လ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု Xinhua သတင်းဌာနက ယနေ့တွင် ဖော်ပြ ထားသည်။ အဆိုပါ ပဏာမဥပဒေကြမ်းတွင် ကန့်သတ်ချက်များကိုချိုးဖောက်သည့် သင်္ဘောပေါ်တွင် သယ်ဆောင် ထားသည့် ကုန်စည်တန်ဖိုးစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ်ကောက်ခံရန် အဆိုပြုထားကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါဥပဒေကြမ်းကို ကျွမ်းကျင်သူများက သုံးသပ်နေခြင်းဖြစ်ပြီး အချောသပ်မရေးဆွဲမီ အကြံဉာဏ်များတင်သွင်းရန် ကျွမ်းကျင်သူများကို ဖိတ်ခေါ်ထားကြောင်း အီရန်လွှတ်တော်အမတ်များက ပြောကြား ထားသည်။ ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းအတွက် အရေးပါသော မဟာဗျူဟာမြောက်ရေလမ်းကြောင်းဖြစ်သည်။ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးဆိုင်ရာ သဘော တူညီချက်တစ်ရပ်ကို မကြာမီကာလအတွင်း အချိန်မရွေးရရှိနိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဩဂုတ်လ ၅ ရက်တွင် ပြောကြားထားကြောင်း သိရသည်။