“ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းများနဲ့ ထိုးဖောက်ရန်လိုအပ်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော”
07 Aug
ပြည်တွင်းမှာ ထွက်ရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာရရှိစေရန် ခေတ်မီ ဆန်းသစ်တဲ့ ဒီဇိုင်းများနဲ့ ထိုးဖောက်ရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပဥ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်အရောင်း ပြပွဲ ၂၀၂၆ ဖွင့်ပွဲအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့နိုင်ငံက သဘာဝသယံဇာတ ရတနာမျိုးစုံကြွယ်ဝတဲ့ နိုင်ငံဖြစ်လို့ ထွက်ရှိတဲ့ ရတနာများကို ပြည်တွင်းမှာ ထိုက်ထိုက်တန်တန် ဈေးကွက်ရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကျောက်မျက်များကို အထည်ဒီဇိုင်း လှပရေး၊ ချောမောယဉ်ကျေးစွာ ကျောက်သွေးရေးနှင့် ခေတ်မီဆန်းသစ်တဲ့ အနုပညာမြောက် လက်ဝတ်ရတနာ ဒီဇိုင်းများ ဖန်တီး၍ စည်းရုံး ထိုးဖောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဈေးကွက်ထိုးဖောက်ရာမှာ ကျောက်မျက်၏ အရည်အသွေးအပြင် တီထွင်ဆန်းသစ်မှုများကလည်း အလွန်အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဆိုပါပြပွဲမှာ ပြခန်းပေါင်း ၁၅၀ ပါဝင်ပြီး ၄ ရက်ကြာ ပြသသွားမှာ ဖြစ်ပါတယ်။ မြန်မာ့ကျောက်စိမ်းက တရုတ်ဈေးကွက်ကိုအဓိကထားပြီး ပတ္တမြားနှင့် နီလာတို့မှာ ကမ္ဘာ့ဈေးကွက် ရှိကြောင်း သိရပါတယ်။ ဒေသတွင်းမှာ ထိုင်းနိုင်ငံက ကျောက်မျက်ဆိုင်ရာကုန်သွယ်မှုဗဟိုချက်(Trade Hub) ဖြစ်နေသကဲ့သို့ မြန်မာနိုင်ငံအနေနဲ့ ယင်းကဲ့သို့ဖြစ်လာအောင် ကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း သိရပါတယ်။ (NVS 008)