“ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် နေ့ညမပြတ် ဆောင်ရွက်နေ”
07 Aug
ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှထူးပေါက်မှု (Sand Boil/ Piping)ကြောင့် တာတမံနိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံးထိန်းနိုင်ရန် စက်လှေ ၁၃ စီး၊ ပူးပေါင်းအင်အား ၂၆၇ ဦးနဲ့ ၂၄ နာရီပတ်လုံးဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။ အခုလိုတမံပျက်စီးမှု ပိုမိုမကြီးမားစေရန်နှင့် အနီးဝန်းကျင်ရှိ စိုက်ပျိုးမြေများ၊ ကျေးရွာများအတွင်းသို့ မြစ်ရေ ထပ်မံမဝင်ရောက်စေရန် Geo Bag (ဂျီအိုအိတ်) များကို အဓိကအသုံးပြု၍ ပြန်လည်ပြုပြင်နေခြင်းဖြစ်ပါတယ်။ လက်ရှိမှာ သဲကြောမှ ရေစိမ့်ထွက်နေတဲ့ အပေါက်များကို သဲစုပ်သင်္ဘောနှင့် စက်ယန္တရားများသုံးကာ သဲဖြည့် Geo Bag အိတ်ကြီးများဖြင့် ရေအောက်အထိ ဖိသိပ်ချခြင်း၊ နိမ့်ကျသွားတဲ့ တာထိပ်ပြင်တစ်လျှောက် Geo Bag နှင့် သဲအိတ်များ ထပ်ဆင့်စီရီ၍ တာမြှင့်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ရေစီးသန်တဲ့ အပေါက်များမှာ ပိတောက်နှင့် သစ်လုံး ရေကာတားများ ရိုက်စိုက်၍ သဲ၊ ကျောက်ကြီး များနဲ့ ဖို့ဆို့လျက်ရှိပြီး နည်းပညာကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများက ရေစီးကြောင်းအခြေအနေကို စက်ယန္တရား၊ ရေယာဉ်များနဲ့ ၂၄ နာရီအလှည့်ကျစစ်ဆေးဆောင်ရွက်နေကြောင်း သိရပါတယ်။ (NVS 008)