“မြန်မာ–ထိုင်း လျှပ်စစ်နှင့်စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU မကြာမီ လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေး”

07 Aug

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီလက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများမှာ ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လျှပ်စစ်ဓာတ်အားကွန်ရက်စနစ် တိုးချဲ့ခိုင်မာရေးတို့ကို နှစ်နိုင်ငံစွမ်းအင်ဝန်ကြီးများ ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ဩဂုတ်လ ၆ ရက်မှာ ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး Mr. Akanat Promphan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ခေတ္တတည်းခိုရာဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန် လွှာကို မကြာမီလက်မှတ်ရေးထိုးနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းမွန်သော သဘာဝ ဓာတ်ငွေ့စီမံကိန်းများမှာ ထိုင်းကုမ္ပဏီများရဲ့ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်မယ့် အခွင့်အလမ်းများကိုဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးရေးကွန်ရက်စနစ် ပိုမိုကြံ့ခိုင်ကောင်းမွန် လာစေရေးနှင့် တိုးချဲ့တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ တွေ့ဆုံပွဲအပြီးမှာ ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းများကို ရှင်းလင်းစွာအသိပေးခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

07 Aug

ADVERTISE HERE .