“မြန်မာဆန်စပါးအွန်လိုင်း (MyRO) စနစ်မှာ ဆန်စပါးသိုလှောင်ရုံ ၅,၇၉၂ လုံး မှတ်ပုံတင်ထား”
07 Aug
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (MyRO) စနစ်မှာ မှတ်ပုံတင်ထားတဲ့ ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။ မြန်မာဆန်စပါးအွန်လိုင်း (MyRO)စနစ်ကို စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများကို ဒီဂျစ်တယ်နည်းလမ်းနဲ့ စနစ်တကျမှတ်ပုံတင်နိုင်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ သိုလှောင်ရုံအကျယ်အဝန်း သတ်မှတ်ချက်များအပေါ်မူတည်၍ အုပ်စု လေးစုခွဲကာ အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်လက်ခံဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ ဆန်စပါးသိုလှောင်ရုံ ၅,၇၉၂ လုံး မှတ်ပုံတင်ထားနိုင်ခဲ့ကြောင်း သိရပါတယ်။ MyRO စနစ်က ဆန်စပါးသိုလှောင်ရုံများ၏ ကုန်ဝင်၊ ကုန်ထုတ်နှင့်ကုန်လက်ကျန်အချက်အလက်များကို ဒီဂျစ်တယ်စနစ်နဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ထားတဲ့အပြင် ဆန်စပါးကဏ္ဍ၏ အချက်အလက်စီမံခန့်ခွဲမှုနှင့် ဈေးကွက်တည်ငြိမ်ရေး အတွက် အထောက်အကူပြုစေမည့် စနစ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။ (NVS 008)