“ဂီမာရေ့စ်အတွက် ပေါင် ၇၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တဲ့ အာဆင်နယ်အသင်း”
06 Aug
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ် ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းက ဂီမာရေ့စ် ကို ခေါ်ယူဖို့ ဇွန်လကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိပြီးနောက် တရားဝင်ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့တာပါ။ အာဆင်နယ်အသင်းက ဂီမာရေ့စ် ကို ပေါင်သန်း ၆၀ အပြင်အပိုဆုကြေး ပေါင် ၅ သန်းနဲ့ စတင်ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပေမယ့် ဆက်လက် ကြိုးပမ်းခဲ့ပြီး လက်ရှိအချိန်မှာ ပေါင် ၇၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးပမာဏက နယူးကာဆယ်အသင်း လိုချင်တဲ့ပမာဏထက် နည်းပါးနေခဲ့ပေမယ့် စာချုပ် သက်တမ်း ၂ နှစ်သာကျန်ရှိတော့တဲ့ ဂီမာရေ့စ် က သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးရရှိခဲ့ရင် အာဆင်နယ်အသင်းကို ပြောင်းရွှေ့လိုကြောင်း ခွင့်တောင်းထားခဲ့တာကြောင့် လက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ နှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် အာဆင်နယ်အသင်းက ဆေးစစ်မှု ပြုလုပ်တော့မှာဖြစ်ပြီး အောင်မြင်ခဲ့ရင် ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)