“ဟော်မုရေလက်ကြားဖြတ်လမ်းကြောင်းအတွက် အီရန်နှင့်အိုမန်တို့သဘောတူညီချက်ရရှိ”
06 Aug
ဟော်မုရေလက်ကြားဖြတ်လမ်းကြောင်းကို သတ်မှတ်ရေးအတွက် အီရန်နိုင်ငံနှင့်အိုမန်နိုင်ငံတို့ကြား သဘောတူညီချက်ရရှိသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၅ ရက်တွင် ထုတ်ပြန်သည်။ ထို့ပြင်ဟော်မုရေလက်ကြားကို နှစ်နိုင်ငံမျှဝေ ထိန်းချုပ်နိုင်ရေးအစီအစဉ်များအတွက် ဆွေးနွေးမှုများမှာလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုရရှိသော သဘောတူညီချက်အရ ဟော်မု ရေလက်ကြားသို့ဝင်ရောက်လာသော ကုန်တင်သင်္ဘောများကို အီရန်နိုင်ငံက ထိန်းချုပ်ခွင့်ရရှိ မည်ဖြစ်ကြောင်း အီရန်ထိပ်တန်းတာဝန်ရှိသူတစ်ဦးကပြောသည်။ အလားတူ မည်သည့်တတိယအဖွဲ့အစည်းကမျှ အနှောက်အယှက်မပြုလုပ်လျှင် အီရန်နိုင်ငံနှင့်အိုမန်နိုင်ငံ တို့ကြား နားလည်မှုရှိသည့် သဘောတူညီချက်များသည် မူကြမ်းရေးဆွဲသည့်အဆင့်သို့ ရောက်ရှိမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သို့သော် အီရန်နိုင်ငံအနေဖြင့် ဟော်မုရေလက်ကြားကို ထိန်းချုပ်ခွင့်ရသွားမည့် မည်သည့်သဘောတူညီချက်ကိုမဆို အမေရိကန်နိုင်ငံက လက်ခံမည်မဟုတ်ကြောင်း အမေရိကန်တာဝန်ရှိသူများက အကြိမ်ကြိမ်ပြောထားသည်ဟု ST သတင်းဌာန ဖော်ပြချက်အရ သိရ သည်။