“ဘာသာတရားမှတစ်ဆင့်ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေးအားပေးလျက်ရှိ”
06 Aug
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေး အားပေးလျက်ရှိတယ်လို့ သြဂုတ်လ ၅ ရက်မှာ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်သမ္မတ၏ရုံးတော် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက ကိုးကွယ်ရာဘာသာသာသနာနှင့်ပတ်သက်၍ ခွဲခြားမှုများမထားရှိဘဲ ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေးကို အားပေးလျက်ရှိပြီး နေပြည်တော်မှာ ကိုးကွယ်ရာဘာသာအသီးသီး၏ ဝတ်ပြုရာနေရာများ ခန့်ညားသပ်ရပ်စွာတည်ဆောက်နိုင်ရေး အတွက် မြေနေရာများကိုခွင့်ပြုပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေး ကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းဖြင့်သာ အကောင်အထည်ဖော်နိုင်မည်ဟုယုံကြည်ပြီး နိုင်ငံရေးတောင်းဆိုမှုများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘာသာရေးခေါင်းဆောင်များအနေနဲ့ ပြည်သူများ၏ အတွေးအခေါ်နှင့် စိတ်ဓာတ်များ ယဉ်ကျေး သိမ်မွေ့လာစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော်ငြိမ်းချမ်းသာယာရေးအတွက် ဘာသာတရား၏ အဆုံးအမများဖြင့် ဆက်လက်ပံ့ပိုးပေးကြရန် နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံခဲ့ပါတယ်။ ထို့အတူ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုကလည်း နိုင်ငံတော် သမ္မတအနေနဲ့ နိုင်ငံတော်တာဝန်များကို စိန်ခေါ်မှုများကြားမှ ကြိုးပမ်းထမ်းဆောင်နေမှုအပေါ် အသိအမှတ်ပြုကာ နိုင်ငံတော်သမ္မတအပါအဝင် မြန်မာပြည်သူပြည်သားအားလုံးငြိမ်းချမ်းသာယာကြပါစေဟု ဆုမွန်ကောင်းတောင်းခဲ့ ပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတက ဆရာတော်ကြီးများ၏ လိုအပ်ချက်များကိုမေးမြန်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ (NVS 008)