“တွန်းဇံမြို့ပြည်သူဆေးရုံမှာ အသေးစားနှင့်အကြီးစားခွဲစိတ်လူနာများကို ကုသပေး”
06 Aug
ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံမှာ မြို့နယ်ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၉၄ ဦးနဲ့ ဩဂုတ်လ ၅ ရက်အထိ အတွင်းလူနာ ၆၀၊ ပြင်ပလူနာ ၄၄၆ ဦး၊ အသေးစားခွဲစိတ်ကုသလူနာ ၂၈ ဦး၊ အကြီးစား ခွဲစိတ်လူနာလေးဦးနှင့် မီးဖွားလူနာနှစ်ဦးတို့အား ကုသပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ ဆေးရုံအဆောက်အအုံသစ်ဆောက်လုပ်ပြီးစီးမှုနှင့် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးအတွက် ထောက်ပံ့ပေးပို့ထားရှိတဲ့ ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ထားရှိမှု၊ ဆိုလာတပ်ဆင် အသုံးပြု၍ ကာကွယ်ဆေးများ သိုလှောင်ထိန်းသိမ်းထားရှိမှုအခြေအနေများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် တွန်းဇံမြို့အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြား နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း ယာယီခန်းမမှာ လမင်းစီမံချက်နဲ့ ဆောင်ရွက်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကျောင်းသား၊ ကျောင်းသူများထံသို့ ပေးအပ်ကာ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ ငွေများပေးအပ်ခဲ့ကြောင်း သိရပါတယ်။ တွန်းဇံမြို့နယ် ဦးစီးမှူးရုံးအနေနဲ့ ရက် ၁၀၀ စီမံချက်ကာလအတွင်း မှတ်ပုံ တင်ကတ်ပြား ၅၈၀ ဆောင်ရွက်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ တွန်းဇံမြို့နယ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်း နှင့် အထက်တန်းကျောင်း ၆၃ ကျောင်းဖွင့်လှစ်ထားရှိပြီး ကျောင်းအပ်နှံတက်ရောက်သူ ၄,၇၃၂ ဦးရှိကာ ကျောင်းဆရာ/ဆရာမ ၂၇၁ ဦးတို့ က ပညာသင်ကြားပေးလျက်ရှိပါတယ်။ (NVS 008)