“ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်နေတဲ့ ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက် စက်သုံးဆီများအခမဲ့ပေးဝေ”
06 Aug
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုမှာ ရွှေ့ပြောင်းကယ်ဆယ်မှု များပြုလုပ်ပေးနေတဲ့ ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စက်သုံးဆီ များကို အခမဲ့ပေးဝေလျက်ရှိကြောင်း သိရပါတယ်။ အခုလို ပေးဝေလျက်ရှိရာ သြဂုတ်လ ၅ ရက်မှာ ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက် ဓာတ်ဆီ ၅၄၁ ဂါလန်နှင့် ဒီဇယ်ဆီ ၂၈၀ ဂါလန်တို့ကို အခမဲ့ပေးဝေခဲ့ကြောင်း သိရပါတယ်။ လေးမျက်နှာမြို့နယ်မှာ ရေဘေးဒဏ် စတင်ကြုံတွေ့တဲ့ အချိန်မှစ၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စက်သုံးဆီအခမဲ့ပေးဝေမှုမှာ လက်ရှိအချိန်အထိ ဓာတ်ဆီ၁,၀၈၈ ဂါလန်နှင့် ဒီဇယ်ဆီ ၄၀၂ ဒသမ ၅ ဂါလန် ရှိပြီဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသအသီးသီးမှ လာရောက်ကူညီတဲ့ကယ်ဆယ်ရေးမော်တော်ယာဉ်များ စက်သုံးဆီအခက်အခဲမရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကယ်ဆယ်ရေးအဖွဲ့အစည်းများထံ စက်သုံးဆီအမျိုးမျိုးကို ဆက်လက်ထောက်ပံ့ပေးဝေလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)