“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်စတင်ထွက်ခွာ”

06 Aug

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)အဖြစ် သြဂုတ်လ ၆ ရက်နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ကို ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာ ဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတက ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့်တွေ့ဆုံခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကာ စီးပွားရေးအဖွဲ့အစည်း များမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံမှာဖြစ်ပြီး စီးပွားရေးဖိုရမ်တက်ရောက်မည်ဖြစ်ပါတယ်။ အခုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတက မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာများကိုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်ကို ပြည်ထောင်စုဝန်ကြီးများဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများလိုက်ပါသွားခဲ့ကြပါတယ်။ (NVS 008)

06 Aug

ADVERTISE HERE .