“တောင်သူများ ဓာတ်မြေဩဇာသုံးစွဲရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ”
05 Aug
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် တောင်သူများ ဓာတ်မြေဩဇာ သုံးစွဲရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း က ပြောကြားခဲ့ပါတယ်။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၄ ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် တောင်သူများ ဓာတ်မြေဩဇာသုံးစွဲရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဦးဆောင်ကော်မတီအနေဖြင့် ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀ နှုန်းဖြင့် ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းသတ်မှတ်ပေးထားကြောင်း၊ တိုက်ရိုက်ရည်ညွှန်း ဈေးနှုန်းကို အခြေခံ၍ သယ်ယူစရိတ်နှင့် တင်ချခတို့ကိုထည့်ပေါင်းပြီး အမြတ်မယူဘဲ တောင်သူလက်ဝယ်အရောက် တိုက်ရိုက်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယူရီးယားဓာတ်မြေဩဇာတင်သွင်းသော ကုမ္ပဏီများကို တင်ဒါ၊ ယှဉ်ပြိုင်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီက ပြည်ပတွင် ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းများမတည်ငြိမ်မှုကြောင့် ပြည်တွင်းကုမ္ပဏီ တစ်ခုချင်းအလိုက် တင်သွင်းရန် အခက်အခဲရှိနေကြသဖြင့် စိုက်ပျိုးချိန်ရာသီအမီ အချိန်မီတင်သွင်းနိုင်ရေးအတွက် ကုမ္ပဏီများကိုစုပေါင်းပြီး သမဝါယမစနစ် Consortium ဖွဲ့စည်းကာ အမြတ်မယူဘဲ စုပေါင်းဝယ်ယူ စုပေါင်းဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည့်အပြင် တင်သွင်းရာတွင် ပစ္စည်းမပြတ်လပ်အောင် အသုတ်လိုက်စီစဉ်ပေးကာ တင်သွင်းမှုအတွက် ဈေးနှုန်းပျမ်းမျှတွက်ချက်ပြီး ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်ပေးထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဓာတ်မြေဩဇာအရည်အသွေးနှင့် အလေးချိန်မှန်ကန်ရေး၊ သတ်မှတ်ရောင်းဈေးထက် ပိုမိုရောင်းချမှု မရှိစေရေး၊ သိုလှောင်ဈေးကစားခြင်းများ မရှိစေရေး၊ တောင်သူများသုံးစွဲမှုရှိ/မရှိ၊ မြေပြင်လက်ကျန်စာရင်း မှန်ကန်မှု ရှိ/မရှိတို့ကိုလည်း ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)