“ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေကျပ် ၁၀၄၉ သိန်းကျော် ပေးအပ်ချီးမြှင့်”

05 Aug

ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ကုန်းဘောင်ခေတ်၊ ဝေသာလီခေတ်နှင့် မြောက်ဦးခေတ် လက်ရာများဖြစ်သည့် ရွှေပန်းကနုတ်အပိုင်းအစ၊ ငွေဒင်္ဂါး၊ ကျောက်ကွင်း၊ ကျောက်ပုတီးစေ့၊ ကြေးအလေး၊ ကြေး ခလောက်၊ ကြေးသတ္တုစပ်ပြား၊ မြေထည်ပစ္စည်းများ စသည့် ရှေးဟောင်းဝတ္ထုပစ္စည်းအရေအတွက် စုစုပေါင်း ၁,၁၇၃ ခုကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံပေးခဲ့သူများကို ဆုကြေးချီးမြှင့်ငွေကျပ် ၁,၀၄၉ သိန်းကျော်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို အကြောင်းအမျိုးမျိုးဖြင့် တွေ့ရှိခြင်းအပြင် ဝါသနာအလျောက် စုဆောင်းထားရှိကာ နိုင်ငံတော်သို့အပ်နှံပါက ရွှေထည် ပစ္စည်းများဖြစ်လျှင် ပညာရှင်အဖွဲ့၏ စိစစ်သုံးသပ်ချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ အရည်အသွေးစစ်ဆေး၍ အရည်အသွေးနှင့်အလေးချိန်ကို အဆိုပါနေ့ ပြင်ပပေါက်ဈေးဖြင့် မူလတန်ဖိုး တွက်ချက်ကာ ပျူခေတ်လက်ရာပစ္စည်းများဆိုပါက မူလတန်ဖိုးများအပြင် ခေတ်ကာလတန်ဖိုး ရာခိုင်နှုန်း ၈၀၊ ခေတ်လက်ရာတန်ဖိုး ရာခိုင်နှုန်း ၄၀ မှ ၈၀ ထိအပြင် ထပ်ဆောင်းတန်ဖိုးပါ ချီးမြှင့်မှာဖြစ်ပါတယ်။ ပုဂံခေတ် လက်ရာပစ္စည်းများဖြစ်ပါက ခေတ်ကာလတန်ဖိုး ရာခိုင်နှုန်း ၇၀၊ ခေတ်လက်ရာတန်ဖိုး ရာခိုင်နှုန်း ၄၀ မှ ၇၀ ထိအပြင် ထူးခြားရှားပါးသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထပ်ဆောင်းတန်ဖိုးအဖြစ် ကာလတန်ဖိုး၏ ရာခိုင်နှုန်း ၄၀ မှ ၈၀ ထိ ထပ်မံချီးမြှင့်ပေးသည့်အတွက် ရှေးဟောင်းဝတ္ထုပစ္စည်းများကို အနည်းဆုံး ခေတ်ကာလ ပေါက်ဈေး၏ နှစ်ဆခွဲမှ သုံးဆခွဲကျော်ထိ ဆုကြေးငွေများ ချီးမြှင့်ပေးလျက်ရှိပါတယ်။ အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဦးမောင်မြင့် က ပြည်ထောင်စုဝန်ကြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် ခိုင်မာသည့်သမိုင်းသက်သေများလို့ ရေရှည်တည်တံ့အောင်ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရာတွင် ပြည်သူလူထု ၏ တာဝန်သိစိတ်နှင့် ပူးပေါင်းပါဝင်မှုသည် ပဓာနကျပြီး ယခုကဲ့သို့ စီးပွားရေးအကျိုးအမြတ်ထက် နိုင်ငံတော်အတွက် ရှေးဟောင်းပစ္စည်းများကို စေတနာအပြည့်ဖြင့် လာရောက်အပ်နှံခဲ့ကြသည့် ပြည်သူများ၏ အမျိုးသားရေးအသိကို လေးစားဂုဏ်ယူပါကြောင်း၊ အပ်နှံခဲ့သည့်ပစ္စည်းများကို အမျိုးသားပြတိုက်များတွင် စနစ်တကျ ထိန်းသိမ်းပြသ သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်၌ ရှေးဟောင်းပစ္စည်းများတွေ့ရှိပါက သက်ဆိုင်ရာဌာနသို့ ဆက်သွယ်အပ်နှံကြရန်နှင့် သတင်းပေးပို့ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

05 Aug

ADVERTISE HERE .