“အင်တက်ဘီလေဆိပ် ဓားစာခံကယ်ဆယ်ရေး စစ်ဆင်ရေးတွင်ကျဆုံးခဲ့သော အစ္စရေးစစ်သည်ရုပ်တု ယူဂန်ဒါ ဖွင့်လှစ်”
05 Aug
၁၉၇၆ ခုနှစ် အင်တက်ဘီလေဆိပ် ဓားစာခံကယ်ဆယ်ရေးအတွင်း ကျဆုံးခဲ့သော အစ္စရေးအထူးတပ်ဖွဲ့ဝင် ယိုနာတန် နေတန်ယာဟု အတွက် ဂုဏ်ပြုထုဆစ်ထားသော အထိမ်းအမှတ်ရုပ်တုကို ယူဂန်ဒါတပ်မတော်က စတင်ထုတ်ဖော်ပြသခဲ့ကြောင်း သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ယိုနာတန် နေတန်ယာဟု အထိမ်းအမှတ်ရုပ်တုကို ယူဂန်ဒါစစ်ဦးစီးချုပ် မူဟိုဇီကိုင်နာရူဂါဘာ က ဩဂုတ်လ ၁ ရက်တွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ အစ္စရေး ဒုတိယဗိုလ်မှူးကြီး ယိုနာတန် နေတန်ယာဟု ၏ သူရသတ္တိကို ဂုဏ်ပြုသည့်အနေဖြင့် အဆိုပါ အထိမ်းအမှတ်ရုပ်တုကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ယူဂန်ဒါစစ်ဦးစီးချုပ် ကိုင်နာရူဂါဘာ က ထုတ်ဖော်ပြောကြား ခဲ့သည်။ ၁၉၇၆ ခုနှစ် ဇူလိုင်လအတွင်း အစ္စရေးမှ ပြင်သစ်သို့ ဦးတည်ပျံသန်းနေသောခရီးသည် ဦးရေ ၁၀၀ ကျော် လိုက်ပါလာသည့် အဲဖရန့်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ကို ပါလက်စတိုင်းလူမျိုးနှစ်ဦးနှင့် ဂျာမန်လူမျိုး နှစ်ဦးတို့က ယူဂန်ဒါနိုင်ငံ အင်တက်ဘီမြို့လေဆိပ်သို့ ပြန်ပေးဆွဲခေါ်ဆောင်ခဲ့သည်။ အဆိုပါ ဓားစာခံများကို ဒုတိယဗိုလ်မှူးကြီး ယိုနာတန် နေတန်ယာဟု ဦးဆောင်သော အစ္စရေးကွန်မန်ဒို တပ်ဖွဲ့က ကယ်ဆယ်ခဲ့ရာ စစ်ဆင်ရေးအောင်မြင်ခဲ့သော်လည်း ယိုနာတန် နေတန်ယာဟု ကျဆုံးခဲ့ရသည်။ ယိုနာတန် နေတန်ယာဟု သည် လက်ရှိအစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ၏ အစ်ကိုအကြီးဆုံးဖြစ်ကြောင်း သိရသည်။