“စီယူတာ ရွှေ့ပြောင်းအခြေချ အကျပ်အတည်းကြောင့် သေဆုံးသူမြင့်တက်လာစဉ် စပိန်နိုင်ငံက ပင်လယ်ပြင် အတားအဆီးကို အပြည့်အဝဖြန့်ကြက်ချထား”

04 Aug

မကြာမီက မော်ရိုကိုနိုင်ငံဘက်မှ ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းဝင်ရောက်လာခဲ့ပြီးနောက် စပိန် အာဏာပိုင်များအနေဖြင့် နယ်စပ်ထိန်းချုပ်မှုများကို တင်းတင်းကျပ်ကျပ် ဆက်လက်လုပ်ဆောင်နေစဉ် စီယူတာမြို့၏ မြောက်အာဖရိကနယ်မြေနှင့် ထိစပ်နေသော ပင်လယ်ရေကြောင်း နယ်စပ်တစ်လျှောက်တွင် ဩဂုတ်လ ၂ ရက်က ပင်လယ်ပြင် ရေပေါ်အတားအဆီးတစ်ခုကို အပြည့်အဝဖြန့်ကြက်ချထားလိုက်ကြောင်း သိရသည်။ စီယူတာမြို့၏ တာရာဂျာလ်ကမ်းလွန်၌ တပ်ဆင်ထားသော အဆိုပါ ရေပေါ်အတားအဆီးအား ယခုအခါ အပြည့်အဝ အသုံးပြုနိုင်ပြီဖြစ်သည်။ လွန်ခဲ့သည့်ရက်ပိုင်းက ရေကူး၍ ဝင်ရောက်လာသူ အများအပြားအပါအဝင် သောင်းနှင့်ချီသည့် ရွှေ့ပြောင်းအခြေချသူများက အဆိုပါနယ်မြေသို့ ဝင်ရောက်ခဲ့ပြီးနောက် ပုံမှန်မဟုတ်သော ပင်လယ်ပြင်ဖြတ်ကျော်မှုများကို တားဆီးရန် အဆိုပါအစီအမံကို ချမှတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအကျပ်အတည်းနှင့် ဆက်နွှယ်နေသည့် တရားဝင်သေဆုံးသူအရေအတွက်မှာ ၇၂ ဦးအထိ မြင့်တက် လာသည်ဟု စပိန်အာဏာပိုင်များကလည်း ဩဂုတ်လ ၂ ရက်၌ အတည်ပြုပြောကြားခဲ့သည်။ ထိုစဉ် စီယူတာ ဒေသန္တရအစိုးရက လတ်တလောတွင် အဆိုပါမြို့ရှိ ရင်ခွဲရုံ၌ ရုပ်အလောင်း ၈၈ လောင်းကို သိမ်းဆည်းထားသည်ဟု ဆိုသည်။ ရွှေ့ပြောင်းအခြေချသူ ဝင်ရောက်မှု တစ်ဟုန်ထိုးမြင့်တက်လာပြီး သီတင်းပတ် နှစ်ပတ်ကျော်အကြာတွင် ရုပ်အလောင်းအချို့အား ပင်လယ်ပြင်ထဲမှ ဆယ်ယူရရှိခဲ့ကြောင်း ဒေသန္တရအာဏာပိုင် များက ပြောသည်။ သေဆုံးသူများအား မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားဖော်ထုတ်မှုများ လုပ်ဆောင်ဆဲဖြစ်ကြောင်း သိရသည်။ ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းဝင်ရောက်မှုမှာ လျော့ကျသွားပြီဖြစ်သော်လည်း စီယူတာမြို့မှာ ပုံမှန်အခြေအနေသို့ ပြန်လည်မရောက်ရှိသေးပေ။ ဩဂုတ်လ ၂ ရက်၌ ရဲတပ်ဖွဲ့နှင့် စစ်တပ်က မြို့အနှံ့တွင် လုံခြုံရေး တာဝန်များ ဆက်လက်ထမ်းဆောင်နေဆဲဖြစ်ကာ လမ်းမများပေါ်တွင် တွေ့ရှိရသည့် ရွှေ့ပြောင်းအခြေချသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယင်းကဲ့သို့ ဖမ်းမိထားသူများကို မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးရန် ရဲစခန်းများသို့ ပို့ဆောင်ပြီးနောက် ပြည်နှင်ဒဏ်ပေးသည့် လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရွှေ့ပြောင်းအခြေချသူ ဝင်ရောက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းမှာ စပိန်နိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် စိုးရိမ်ဖွယ်အကောင်းဆုံး နယ်စပ်အကျပ်အတည်းတစ်ခု ဖြစ်လာသည့်အတွက် စပိန်အစိုးရအနေဖြင့် အရေးပေါ် အစီအမံများ လုပ်ဆောင်ခဲ့ရသလို ဥရောပသမဂ္ဂ၏ ပြင်ပနယ်စပ်များ ကာကွယ်ရေး၊ ရွှေ့ပြောင်းအခြေချမှု စီမံခန့်ခွဲရေး တို့နှင့်ပတ်သက်၍ ဥရောပတစ်လွှား၌ အချေအတင်ဆွေးနွေးမှုများ တစ်ကျော့ပြန်ပေါ်ပေါက် လာခဲ့သည်။ (Repost from Xinhua Myanmar)

04 Aug

ADVERTISE HERE .