“အမေရိကန်-ဂျပန် ငွေလဲလှယ်နှုန်း စွက်ဖက်မှုလုပ်ဆောင်ပြီးနောက် ‘အမေရိကန်အပေါ် ဂျပန်က အလွန်ကောင်း ပါတယ်၊ ပုလဲဆိပ်ကမ်းက လွဲလို့ပေါ့’ ဟု ထရမ့်ဆို”
04 Aug
ဂျပန်ယန်းနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းသည် နှစ်ပေါင်း ၄၀ အတွင်း စံချိန်တင်ကျဆင်းသွားချိန်တွင် အမေရိကန်သမ္မတ ထရမ့် က ဩဂုတ်လ ၂ ရက်တွင် သမ္မတအထူးလေယာဉ် Air Force One ၌ အမေရိကန်က ဂျပန် ယန်းများ ဝယ်ယူခြင်းသည် ဂျပန်အားထောက်ခံသည်ဟူသော ချစ်ကြည်ရေး အချက်ပြမှုပင်ဖြစ်သည်ဟု ဆိုခဲ့ပြီး ဂျပန်သည် အမေရိကန်အပေါ် အစဉ်အမြဲ အလွန်ကောင်းမွန်ခဲ့ကြောင်း၊ ပုလဲဆိပ်ကမ်းကိစ္စရပ်က လွဲလို့ပေါ့ ဟု အလေးထား ပြောကြားခဲ့သည်။ The Financial Times သတင်းစာက ဇူလိုင်လ ၃၁ ရက်တွင် သတင်းအရင်းအမြစ်ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန် နယူးယောက်ဖက်ဒရယ်အရန်ငွေဘဏ်(New York Fed)သည် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ယူရိုရောင်းချ၍ ဂျပန်ယန်းဝယ်ယူခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထရမ့် က အမေရိကန်အနေဖြင့် အဆိုပါလုပ်ရပ်မှတစ်ဆင့် စီးပွားရေးအကျိုးအမြတ် ရရှိလိမ့်မည်ဟု ပြောကြားခဲ့သော်လည်း ၎င်းက မည်ကဲ့သို့ အကျိုးအမြတ်ခံစားရမည်နည်းကိုမူ အသေးစိတ် ရှင်းလင်းခဲ့ခြင်းမရှိပေ။ ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Satsuki Katayama က ဩဂုတ်လ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ဂျပန်သည် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇူလိုင်လ ၃၁ ရက်တွင် အမေရိကန်နှင့်ပူးတွဲ၍ နိုင်ငံခြားငွေဈေးကွက်အား စွက်ဖက်မှု လုပ်ဆောင်ခဲ့ပြီဖြစ်ပြီး ဈေးကွက်အခြေအနေအရ စွက်ဖက်မှုအစီအမံများ ထပ်တိုးလုပ်ဆောင်ခြင်းကိုလည်း ဖယ်ရှားထား၍မရကြောင်း ပြောကြားခဲ့သည်။ ယခုအကြိမ် ပူးတွဲစွက်ဖက်မှုသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သော ဂျပန်-အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ပူးတွဲကြေညာချက်အရ လုပ်ဆောင်ခြင်းဖြစ်ပြီး လတ်တလောကာလ ဂျပန်ယန်း ငွေလဲလှယ်နှုန်း ပြင်းပြင်းထန်ထန် အတက်အကျဖြစ်မှုနှင့် ရှုပ်ထွေးသော ဖြစ်ပေါ်တိုးတက်နေမှုကို ကိုင်တွယ်စီမံရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ဂျပန်အနေဖြင့် အမေရိကန်နှင့် အနီးကပ်ချိတ်ဆက်မှုများ ဆက်လက်လုပ်ဆောင်သွားပြီး လိုအပ်ပါက ညှိနှိုင်းစွက်ဖက်မှု အစီအမံများကို တွေဝေခြင်းအလျဉ်းမရှိဘဲ တစ်ဆင့်တိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာ ချက်တွင် ဆိုထားသည်။ ဘဏ္ဍာရေးအကျပ်အတည်း၊ ကြီးမားသောသဘာဝဘေးအန္တရာယ် စသည့် အထူးအချိန်ကာလများမှလွဲ၍ ဂျပန်နှင့် အမေရိကန်က ငွေလဲလှယ်မှုဈေးကွက်တွင် ပူးတွဲ၍စွက်ဖက်မှုလုပ်ဆောင်ခြင်းသည် အလွန်တွေ့ရခဲလှသည်။ ဂျပန် NHK သတင်းဌာန၏ သတင်းဖော်ပြချက်အရ ၎င်းသည် ၂၀၁၁ ခုနှစ် ဂျပန်ငလျင်ကြီးအလွန် နှစ်ဖက်က ငွေလဲလှယ်မှုဈေးကွက်ကို ပူးတွဲစွက်ဖက်မှု လုပ်ဆောင်ပြီးနောက် ဂျပန်နှင့် အမေရိကန်က ၁၅ နှစ်အကြာတွင် ငွေလဲလှယ်မှုဈေးကွက်အား ထပ်မံပူးတွဲစွက်ဖက်မှု လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။ Mitsubishi UFJ Morgan Stanley ငွေချေးစာချုပ် ရင်းနှီးမြှုပ်နှံမှုနှင့် သုတေသနဌာန အကြီးတန်းစီးပွားရေး ပညာရှင် Naomi Muguruma က လတ်တလောကာလအတွင်း ဂျပန်ယန်းအားနည်းလာခြင်းမှာ ဈေးကွက်က ဂျပန်ဘဏ္ဍာရေးတိုးချဲ့မှုနှင့် ဂျပန်ဗဟိုဘဏ် ငွေကြေးမူဝါဒများ တုံ့ပြန်မှုနောက်ကျခြင်းအပေါ် စိုးရိမ်ပူပန်မှုကို အဓိက အားဖြင့် ထင်ဟပ်နေကြောင်း၊ ငွေလဲလှယ်မှုဈေးကွက်တွင် စွက်ဖက်မှုသည် ကာလတိုကိုင်တွယ်မှု အစီအမံ ဖြစ်ကြောင်း၊ ဂျပန်ယန်း အလားအလာကို တည်ငြိမ်စေလိုပါက ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒညှိနှိုင်းမှု စသည့်ကဏ္ဍ များမှ လုပ်ဆောင်ရန်လိုအပ်နေဆဲဖြစ်သည်ဟု ယူဆသည်။ ယခုနှစ်အတွင်း ဂျပန်ယန်းငွေလဲလှယ်နှုန်းသည် ဆက်တိုက်ကျဆင်းလာခဲ့သည်။ ဇူလိုင်လ လကုန်ပိုင်းတွင် ဂျပန်ယန်းငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းသည် အချိန်အတိုင်းအတာတစ်ခုတွင် တစ်ဒေါ်လာလျှင် ၁၆၄ ယန်း နီးပါးအထိ ရှိလာခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)