“ရွှေတိဂုံစေတီတော်၌ မေတ္တာအခါတော်နေ့တွင် ပန်းစေတီကပ်လှူပူဇော်ပွဲ ထည့်သွင်းကျင်းပမည်”
04 Aug
ရွှေတိဂုံစေတီတော်ကြီး၌ မေတ္တာအခါတော်နေ့တွင် ပန်းပေါင်း ၈၄,၀၀၀ ပါဝင်သည့် ပန်းစေတီကပ်လှူ ပူဇော်ပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်(ဝါခေါင်လပြည့်နေ့)တွင်ကျရောက်မည့် မေတ္တာအခါတော်နေ့အခမ်းအနားကို ရွှေတိဂုံ စေတီတော် ရင်ပြင်တော်ပေါ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပသွားမှာဖြစ်ပြီး ပန်းစေတီ ကပ်လှူပူဇော်ပွဲပါ ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပပြုလုပ်ရာမှာ နံနက် ၅ နာရီခွဲတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းများနဲ့ ဝန်ထမ်းများက ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်များနဲ့ အရုဏ်ဆွမ်းကပ်လှူ ပူဇော်ခြင်း၊ နံနက် ၆ နာရီတွင် ရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်းမှာ မေတ္တာအခါတော်နေ့အခမ်းအနား ကျင်းပခြင်း၊ နံနက် ၇ နာရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှ ပန်းစေတီများကိုပင့်ဆောင်ပြီး ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ခြင်းနှင့် မုခ်လေးမုခ်က ဗုဒ္ဓရုပ်ပွားတော်များနှင့် အထက်ပစ္စယံက ပတ္တမြား မျက်ရှင်ရုပ်ပွားတော်ကို ပန်းစေတီများနှင့် ပူဇော်ခြင်းများဖြင့် ခမ်းနားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)