“ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်တို့ နှစ်ဦးတည်းသီးသန့်တွေ့ဆုံ”
04 Aug
ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Arnaude de Baqque တို့ သြဂုတ်လ ၃ ရက်က နှစ်ဦးတည်းသီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံမှုကို ICRC မှလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာနှင့် အင်တာနက် ဝက်ဆိုဒ်တို့မှလည်း သြဂုတ်လ ၃ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ICRC ၏ထုတ်ပြန်ချက်မှာ တွေ့ဆုံမှုက လွတ်လပ်ခွင့်ဆုံးရှုံးနေသူ များထံသို့ သွားရောက်တွေ့ဆုံလည်ပတ်ခြင်းဆိုင်ရာ ICRC ၏ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံစကားပြောဆိုခွင့်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ICRC ၏ အကျဉ်းထောင်ဆိုင်ရာလုပ်ငန်း၏ ဓလေ့ထုံးစံနှင့်အညီ သွားရောက်လည်ပတ်မှုအတွင်း လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို အကျဉ်းထောင်တာဝန်ရှိသူများနှင့်သာ အတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းထားရှိမျှဝေသွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိမှာကောင်းမွန်စွာထားရှိပြီး ၎င်း၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။(NVS 008)