“လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ်(၂/၆) ရေစီးနောက်မျောပါ”

04 Aug

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ်(၂/၆)မှာ ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရပါတယ်။ ပျက်စီးသွားတဲ့ တံတားမှာ လေးမျက်နှာမြို့နယ်၊ လက်သမား (ကရင်)ကျေးရွာအနီး မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံနှင့် ၆ မိုင် ၄ ဖာလုံအကြား တည်ရှိတဲ့ အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ ကွန်ကရစ်ရေနုတ်ပြွန်တံတားဖြစ်ပြီး ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေစီးအားပြင်းထန်ကာ ရေတိုက်စားမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် မျောပါသွားခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ ရေများက ကြိုးကြာကွင်းကျေးရွာအုပ်စုနှင့် ထိန်တောကြီးကျေးရွာအုပ်စုဘက်ရှိ လယ်ယာ မြေများအတွင်းသို့ ဆက်လက်စီးဆင်းနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အခြေအနေများကို စောင့်ကြည့် ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး ၏ ပြောကြားချက်အရ ဩဂုတ်လ ၃ ရက်အထိ လေးမျက်နှာမြို့နယ်မှာ ရပ်ကွက် ၅ ခု၊ ကျေးရွာ ၁၄ ရွာမှ အိမ်ခြေ ၃,၁၅၈ လုံး၊ အိမ်ထောင်စု ၃,၂၁၅ စုနှင့် လူဦးရေ ၁၄,၀၅၆ ဦး ရေဘေးသင့်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခုတွင် အိမ်ထောင်စု ၄၄၁ စုမှ လူဦးရေ ၁,၄၁၁ ဦး လာရောက်ခိုလှုံလျက်ရှိကြောင်း သိရပါတယ်။

04 Aug

ADVERTISE HERE .