“အိန္ဒိယအကြီးစားဆေးကုမ္ပဏီက ညစ်ညမ်းမှုပြဿနာကြောင့် မျက်စဉ်းဆေးရည် ၁၀ မျိုးအား ပြန်လည်သိမ်းယူ”
03 Aug
အိန္ဒိယနိုင်ငံ၏ အဓိကဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Sun Pharma ကုမ္ပဏီသည် ထုတ်ကုန်ပစ္စည်း ညစ်ညမ်းမှုပြဿနာကြောင့် မျက်စဉ်းဆေးရည် ၁၀ မျိုးကို ပြန်လည်သိမ်းယူခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ ဩဂုတ်လ ၂ ရက် သတင်းဖော်ပြချက်အရ သိရသည်။ နယူးဒေလီ TV (NDTV)၏ သတင်းဖော်ပြချက်အရ Sun Pharma ကုမ္ပဏီသည် ဇူလိုင်လ ၁၇ ရက်တွင် ရောင်းချသူများထံ ပေးပို့သည့်စာ၌ ထုတ်ကုန်ပစ္စည်းတွင် ညစ်ညမ်းမှုပြဿနာရှိသဖြင့် ကြိုတင်ကာကွယ်သည့်အသွင် အနေဖြင့် မျက်စဉ်းဆေးရည် ၁၀ မျိုးအား ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သက်ဆိုင်ရာ မျက်စဉ်းဆေးရည်သည် အမှတ်တံဆိပ်များစွာနှင့် ပတ်သက်နေပြီး မျက်လုံးဆိုင်ရာ ရောင်ရမ်းမှုလက္ခဏာ၊ ရေတိမ်နှင့် ခွဲစိတ်ကုသမှုအပြီး မျက်လုံးမသက်မသာဖြစ်မှု စသည်တို့ကိုကုသရာတွင် အသုံးပြုသည်။ ရောင်းချသူများအနေဖြင့် သက်ဆိုင်ရာထုတ်ကုန်ရောင်းချမှုအား ချက်ချင်းရပ်တန့်ရန်၊ လက်ရှိထုတ်ကုန် ပစ္စည်း လက်ကျန်ပမာဏအခြေအနေအား အစီရင်ခံတင်ပြရန်နှင့် လက်ကျန်ပမာဏနှင့် အခြားလမ်းကြောင်းမှ ရရှိ ထားသော သက်ဆိုင်ရာထုတ်ကုန်များကို အမြန်ဆုံးပြန်လည်ပေးအပ်ရန် Sun Pharma ကုမ္ပဏီက စာအတွင်း၌ တောင်းဆိုခဲ့သည်။ မျက်စဉ်းဆေးရည် ညစ်ညမ်းမှုဖြစ်သည့် ပြဿနာနှင့်စပ်လျဉ်း၍ အသေးစိတ်အခြေအနေကို သတင်းတွင် ဖော်ပြထားခြင်းမရှိသော်လည်း ကျွမ်းကျင်ပညာရှင်အချို့၏ ပြောဆိုချက်ကို ကိုးကား၍ ဆေးဝါးထုတ်ကုန် ထုတ်လုပ် သည့်ဖြစ်စဉ်အတွင်း ပိုးမွှားကင်းစင်မှုကို ထိန်းသိမ်းထားခြင်းသည် အလွန်အရေးကြီးကြောင်း၊ ညစ်ညမ်းမှုဖြစ်သော သို့မဟုတ် ဘေးကင်းလုံခြုံမှုမရှိသည့် ပါဝင်ပစ္စည်းများပါဝင်သော မျက်စဉ်းဆေးရည်သည် မျက်လုံးဆိုင်ရာ ပိုးမွှား ကူးစက်မှုနှင့် အမြင်အာရုံထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်ကြောင်း သတင်းဖော်ပြထားသည်။ (Repost from Xinhua Myanmar)