“အတင်းအဓမ္မ အလုပ်စေခိုင်းမှုတားဆီးရေး” ဟုဆိုကာ အမေရိကန်က တရုတ်စီးပွားရေးလုပ်ငန်းများအား ဖိနှိပ်နေခြင်းကို တရုတ်နိုင်ငံ ဆန့်ကျင်ကန့်ကွက်
03 Aug
တရုတ်စီးပွားရေးလုပ်ငန်း ၄၀ ကျော်အား “ဝေဂါ အတင်းအဓမ္မ အလုပ်စေခိုင်းမှု တားဆီးကာကွယ်ရေး အက်ဥပဒေဆိုင်ရာ အဖွဲ့အစည်းစာရင်း” ဟုဆိုသော စာရင်းထဲသို့ထည့်သွင်းကြောင်း အမေရိကန်နိုင်ငံက မကြာမီက ကြေညာခဲ့သည့်အပေါ် ပြတ်ပြတ်သားသားဆန့်ကျင်ကာ ပြင်းပြင်းထန်ထန်ရှုတ်ချသည်ဟု တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁ ရက်၌ ပြောကြားခဲ့သည်။ အမေရိကန်၏လုပ်ရပ်များသည် ပကတိအခြေအနေအပေါ် အခြေခံမှုကင်းမဲ့နေကာ အမေရိကန်အနေဖြင့် “လူ့အခွင့်အရေး”၊ “အတင်းအဓမ္မ အလုပ်စေခိုင်းမှု” ဟူသော မူမမှန်သည့်အကြောင်းပြချက်များကို ဆက်လက် မလျော်မကန်အသုံးပြုကာ ယင်း၏ ပြည်တွင်းဥပဒေများနှင့်အညီ တရုတ်စီးပွားရေးလုပ်ငန်းများအပေါ် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများ ချမှတ်နေကြောင်း၊ အဆိုပါလုပ်ရပ်သည် စီးပွားရေးအရ နိုင်ထက်စီးနင်းပြုမူသည့် လုပ်ရပ် စစ်စစ်သာဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အမေရိကန်၏ အစီအမံများသည် သက်ဆိုင်ရာ တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြင်းပြင်းထန်ထန် ထိခိုက်စေသကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက် များ၏ တည်ငြိမ်မှုကိုလည်း အကြီးအကျယ် ထိခိုက်ပျက်ပြားစေသည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူကဆိုသည်။ ဇူလိုင်လ ၃၀ ရက်၌ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ ကုန်သွယ်စီးပွားဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူများသည် ဗီဒီယိုကောလ်ဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆက်ဆံရေး တည်ငြိမ်မှုကို ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ နှစ်ဖက်အကြား ပွင့်လင်းနက်ရှိုင်း၍ အပြုသဘောဆောင်သည့် အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက လေးနက်တိကျစွာ ရည်ညွှန်းပြောဆိုခဲ့သည်။ သို့သော်လည်း တစ်ရက်အကြာမှာပင် အမေရိကန်နိုင်ငံဘက်က နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား ရရှိ ထားသော ဘုံသဘောတူညီမှုများမှ အကြီးအကျယ်သွေဖည်လျက် တရုတ်နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေသည့် အလွန်ဆိုးရွားသော အစီအမံများကို ချမှတ်ကျင့်သုံးခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားသည်။ တရုတ်နိုင်ငံအနေဖြင့် အတင်းအဓမ္မအလုပ်စေခိုင်းမှုကို အစဉ်အမြဲဆန့်ကျင်ကြောင်း၊ လက်ရှိတွင် ရှင်းကျန်းဒေသအနေဖြင့် လူမှုရေးတည်ငြိမ်မှုနှင့် စီးပွားရေးကြွယ်ဝမှုတို့ကို ရရှိနေပြီဖြစ်သလို ဒေသခံပြည်သူများ အဖို့လည်း အေးချမ်းသာယာသော လူမှုဘဝကို ရရှိနေပြီဖြစ်ကြောင်း၊ “အတင်းအဓမ္မ အလုပ်စေခိုင်းမှု” ဆိုသည် မှာလည်း မည်သည့်အသွင်ပုံစံမျိုးနှင့်မျှ မရှိခဲ့ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ အမေရိကန်နိုင်ငံအနေဖြင့် ရှင်းကျန်းဒေသနှင့်ပတ်သက်၍ သားပုပ်လေလွင့်စွပ်စွဲခြင်း၊ ဝေဖန်ထိုးနှက်ခြင်း တို့ကို ချက်ချင်းရပ်တန့်ကာ တရုတ်ကုမ္ပဏီများအား အကြောင်းမဲ့ဖိနှိပ်နေခြင်းကို ရပ်တန့်ရန်လည်း ၎င်းပြောရေး ဆိုခွင့်ရှိသူက တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့်လည်း တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွား များကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်အစီအမံများကို လုပ်ဆောင်သွားမည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ (Repost from Xinhua Myanmar)