“တရုတ်နိုင်ငံ၏ တတိယအသုတ် အီဘိုလာရောဂါတိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ ကွန်ဂိုနိုင်ငံ(DRC)သို့သွားရောက်”
03 Aug
တရုတ်နိုင်ငံ၏ တတိယအသုတ် အီဘိုလာရောဂါတိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် အီဘိုလာရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီရေးမစ်ရှင်ကို ထမ်းဆောင်ရန် ဩဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့မှ စတင်ထွက်ခွာ၍ ကွန်ဂိုနိုင်ငံ(DRC) သို့သွားရောက်ခဲ့ကြောင်း၊ ၎င်းတို့သည် ရှေ့နှစ်သုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့၏ လုပ်ငန်းများကို လက်ဆင့်ကမ်း ဆက်လက်ဆောင်ရွက်ကာ ဒေသတွင်း၌ အီဘိုလာရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်း ခိုင်မြဲစွာဖော်ဆောင်ရန် အားဖြည့်ပေးမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်မှ သိရသည်။ တတိယအသုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့ အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၊ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)၊ ကျဲ့ကျန်းတက္ကသိုလ် ပူးတွဲအမှတ်(၁) ဆေးရုံ၊ တရုတ်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ စသည်တို့မှဖြစ်ပြီး ကူးစက်ရောဂါဗေဒ၊ ကျန်းမာရေး ရောဂါစစ်ဆေးမှု၊ ဆေးကုသကယ်ဆယ်ရေး၊ ရောဂါအရင်းအမြစ်ဓာတ်ခွဲစမ်းသပ်ခန်း စမ်းသပ်မှုစသည့် ကျွမ်းကျင် ပညာရပ်များကို လွှမ်းခြုံထားကာ ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လက်တွေ့လုပ်ဆောင်မှု အတွေ့အကြုံများရှိကြောင်း သိရသည်။ အမျိုးသားကျန်းမာရေးကော်မရှင်မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်၏ မိတ်ဆက်ပြောကြားချက်အရ ကျွမ်းကျင် ပညာရှင်အဖွဲ့သည် ရှေ့နှစ်သုတ်ကျွမ်းကျင်ပညာရှင်အဖွဲ့၏ လုပ်ငန်းအခြေခံပေါ်တွင် အခြေခံအလွှာသို့ ဆက်လက် ထဲထဲဝင်ဝင်သွားရောက်၍ နည်းပညာကူညီပေးမှုများဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အတွေ့ အကြုံများမျှဝေခြင်း၊ ရောဂါဖြစ်ပွားမှု စီမံကိုင်တွယ်မှုလုပ်ငန်းစဉ်အား ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ခြင်း၊ ဒေသတွင်း ကိုယ်တိုင်ရောဂါကာကွယ်ထိန်းချုပ်နိုင်မှု စွမ်းရည်မြှင့်တင်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ကွန်ဂိုနိုင်ငံ(DRC)အား ကူညီပေးသည့် ဆေးကုသရေးအဖွဲ့နှင့်ပူးတွဲ၍ ကွန်ဂိုနိုင်ငံ(DRC) ကျန်းမာရေးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပူးတွဲညှိနှိုင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်ပြီး ကူညီရေး လုပ်ငန်းထိရောက်မှုကို ဆက်လက်ခိုင်မြဲစေရန်နှင့် တိုးချဲ့ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)