“ရန်ကုန်–ပြည်ရထားလမ်းပိုင်းမှာ ခေတ်မီ DEMU ရထားတွဲဆိုင်းသစ် စတင်ပြေးဆွဲ”

03 Aug

ပြည်ဘူတာ၌ ရန်ကုန်–ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အဆန်၊ အမှတ်(၇၄) အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁ ရက်မွန်းလွဲပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်မြို့ဟာ ပဲခူးတိုင်းဒေသကြီး၏ ဒုတိယမြို့တော်ဖြစ်ပြီး ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှု၊ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ ရက်(၁၀၀) စီမံချက်ဖြင့် ရန်ကုန်–ပြည်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးခဲ့သဖြင့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များ စတင်ပြေးဆွဲခြင်းဖြစ်ကြောင်း၊ ရထားပြေးဆွဲမှုကြောင့် ခရီးသွားလာရေး ပိုမိုအဆင်ပြေပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာကာ ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ အဆင့်မြှင့်တင်ထားသည့် ရထားလမ်းနှင့် ရထားတွဲဆိုင်းများကို ရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်လည်း တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ရန်ကုန်–ပြည် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်မှုနှင့် DEMU ရထားတွဲဆိုင်းသစ်များ စတင်ပြေးဆွဲခြင်းဆိုင်ရာ အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက DEMU ရထားတွဲဆိုင်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စတင်ထွက်ခွာမည့် ရထားစက်ခေါင်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြပါတယ်။ အဲဒီနောက် ရထားပေါ်ရှိ ခရီးသည်များကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါတယ်။ (NVS 004)

03 Aug

ADVERTISE HERE .