“သက်တမ်းနှစ် ၂၀ ကျော်လွန်နေသည့် မီတာများကို လဲလှယ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ”
03 Aug
လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ လျော့နည်းပပျောက်စေရန်အတွက် စွမ်းဆောင်ရည် ကျဆင်းနေတဲ့ မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်လွန်နေတဲ့ မီတာများကို လဲလှယ်ပေးခြင်း၊ မီတာအသစ် လျှောက်ထား သူများကို လျင်မြန်စွာ တပ်ဆင်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ Digital Smart Meter များကို အများပြည်သူထံ မဖြန့်ဖြူးမီ လုံခြုံရေး Seal ခတ်နှိပ်ပေးတဲ့ မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲ၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေတဲ့ AMI Control Center နှင့် ဓာတ်အားကွပ်ကဲရေးဌာနခွဲ (နေပြည်တော်) ရှိ National Control Center တို့မှာလည်း သက်ဆိုင်ရာလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ လက်ရှိမှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၌ နေ့စဉ် ပို့လွှတ်လျက်ရှိသော ဓာတ်အားပမာဏ၏ ၁၅ ဒသမ ၆ ရာခိုင်နှုန်း (၁၀ ဒသမ ၇ ယူနစ်သန်းခန့်) ပျောက်ဆုံးနေသဖြင့် နိုင်ငံတော်အနေနဲ့ တစ်ရက်လျှင် ပျမ်းမျှ ငွေကျပ်သန်းပေါင်း ၂,၇၅၀ ကျော် ဆုံးရှုံးနေခဲ့ရပါတယ်။ အခုလိုဆုံးရှုံးနေမှုများကြောင့် လျှပ်စစ်ဆိုင်ရာ အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ရာမှာ အခက်အခဲများ ဖြစ်ပေါ်စေပြီး ပြည်သူများ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု အခွင့်အလမ်းများကိုပါ ထိခိုက်လျက်ရှိပါတယ်။ ဒါကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ရရှိရေး၊ ဓာတ်အား ပျောက်ဆုံးမှု နည်းပါးစေရေးနှင့် စနစ်တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဘက်စုံမှတွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)