“KIA၊KNU၊ AA၊ ABSDF၊ SAF နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် ၃၀၃ ဦး လက်နက်၊ ခဲယမ်းများ နှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်”
02 Aug
နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KIA၊KNU၊ AA၊ ABSDF၊ SAF နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် အမျိုးသား ၂၈၀ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၃၀၃ ဦး တို့က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီ မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးခြင်းကို ဩဂုတ်လ ၁ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး နှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် မိဘအုပ်ထိန်း သူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် လက်နက်မျိုးစုံ ၁၀ လက်၊ ကျည်အိမ်မျိုးစုံ ၁၇ ခု၊ ကျည်မျိုးစုံ ၆၇၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ လုံးတို့ကို တိုင်းမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေနှင့် ထောက်ပံ့ငွေ စုစုပေါင်း ၇၈၂ သိန်းနှင့် စားသောက်ဖွယ်ရာများကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြပါတယ်။(NVS 008)