“ရေဘေးသင့် လေးမျက်နှာမြို့ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်”
02 Aug
ငဝန်တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် လေးမျက်နှာမြို့ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ရေ၀င်ရောက်ခဲ့သည့် လေးမျက်နှာမြို့ ရပ်ကွက်ငါးခုနှင့် ကျေးရွာကိုးရွာရှိ အိမ်ခြေ ၁,၇၃၄ လုံး၊ အိမ်ထောင်စု ၁,၇၆၄ ခုမှ လူဦးရေ ၈,၃၈၂ ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဆန် ရိက္ခာဖိုးငွေကျပ်သန်း ၄၁ ဒသမ ၉၁၀ နှင့် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥနှင့် ရေသန့်စသည့် အခြေခံ စားသောက်ကုန်များအတွက် တန်ဖိုးငွေကျပ် ၄၁ ဒသမ ၆၅၁ သန်းကျော် စုစုပေါင်းတန်ဖိုးငွေကျပ် ၈၃ ဒသမ ၅၆၁ သန်းကျော်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စားသောက်ဖွယ်ရာများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် နှင့်အတူ စာရေးကွင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက် ထောက်ပံ့ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး တာအလျားပေ ၃၀ ခန့်တွင် ငါးပေနိမ့်ဆင်းပြီး အကျယ်ပေ ၁၇၀ ကျိုးပေါက်မှုကို ပြန်လည် ပြုပြင်တည်ဆောက်မည့် အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 008)