“ကွန်ဂို၌ အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှု ပိုမိုပြင်းထန်ဆိုးဝါးလာ”

02 Aug

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှုက ပိုမိုပြင်းထန်ဆိုးဝါးလာနေ တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဩဂုတ်လ ၁ ရက်မှာ သတိပေးလိုက်သည်။ ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှု တွေကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားဖို့ တောင်းဆိုလိုက်သည်။ “အခုဖြစ်နေတဲ့ ရောဂါကူးစက်ပျံ့နှံ့မှုက ကွန်ဂိုနိုင်ငံအတွက် အကြီးမားဆုံးသော အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်လာနေပါပြီ” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားသည်။ ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်မှု အပြင်းထန်ဆုံးအချိန်က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကြားကာလဖြစ်သည်။ အဲဒီအချိန်က ရောဂါဖြစ်ပွားသူ ၃,၅၀၀ ဝန်းကျင်မှာ သေဆုံးသူ ၂,၃၀၀ နီးပါးရှိခဲ့သည်။ အခုလက်ရှိဖြစ်ပွားနေတဲ့ ကူးစက်မှုက မေလ ၁၅ ရက်မှာ စတင်ကြေညာခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်အထိ စာရင်းများအရ ရောဂါဖြစ်ပွားသူ ၃,၆၀၅ ဦးအထိရှိကာ သေဆုံးသူအရေအတွက်က ၁,၅၈၇ ဦး ရှိလာခဲ့သည်။ ဒါဟာ ရောဂါကူးစက်မှုခံရပြီးရင် သေဆုံးနိုင်ခြေ ၄၄ ရာခိုင်နှုန်း ရှိနေကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ အီဘိုလာရောဂါဆိုတာ လူ့ခန္ဓာကိုယ်ထဲကထွက်တဲ့ အရည်နဲ့ ထိတွေ့မိရာကနေတစ်ဆင့် ကူးစက်မှုဖြစ်ပွားခြင်း ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း အာဖရိကဒေသတစ်ဝန်းမှာ အီဘိုလာရောဂါကူးစက်မှုများကြောင့် လူပေါင်း ၁၅,၀၀၀ ကျော် သေဆုံးခဲ့သည်။ လက်ရှိတွင် ကွန်ဂိုနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ အီဘိုလာရောဂါက တောင်ဆူဒန်နဲ့ယူဂန်ဒါနိုင်ငံတို့ အထိပျံ့နှံ့ခဲ့သည်။

02 Aug

ADVERTISE HERE .