“ပက်ထရီယော့တ်ဒုံးကျည်များ ယူကရိန်းကိုထုတ်လုပ်ခွင့်ပေးရန် သဘောတူထားခြင်းမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြား”
02 Aug
ပက်ထရီယော့တ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များကို တည်ဆောက်ခွင့်ပေးရန် အမေရိကန် နိုင်ငံက သဘောတူထားခြင်းမရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည် ဟု RT သတင်းဌာနက ဖော်ပြထားသည်။ သို့ရာတွင် ယူကရိန်းကို ပက်ထရီယော့တ်ဒုံးကျည်များ တည်ဆောက်ခွင့်ပေးရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှု များ ပြုလုပ်နေဆဲဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားထားသည်။ ပက်ထရီယော့တ်ဒုံးကျည်များ တည်ဆောက်ခွင့်လိုင်စင်ကို အမေရိကန်နိုင်ငံက ပေးအပ်မည်ဖြစ်ကြောင်း ယခုလအတွင်း တူကီယဲနိုင်ငံ၌ ယူကရိန်း သမ္မတ ဇီလန်စကီး နှင့်တွေ့ဆုံစဉ် သမ္မတ ဒေါ်နယ်ထရမ့် က ထုတ်ဖော်ပြောကြားခဲ့သည်။ သို့ရာတွင် သမ္မတ ဒေါ်နယ်ထရမ့် သည် ယခုရက်သတ္တပတ်အတွင်း အိမ်ဖြူတော်၌ ယူကရိန်းသမ္မတ ဇီလန်စကီး နှင့် တွေ့ဆုံခဲ့သည့်တိုင် သမ္မတ ဒေါ်နယ်ထရမ့် က အဆိုပါကတိကဝတ်ကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ ပက်ထရီယော့တ်လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များ အခြားနိုင်ငံတစ်နိုင်ငံကို တည်ဆောက် ထုတ်လုပ်ခွင့်ပေးရေးမှာ အမေရိကန်နိုင်ငံအတွက် အလေးအနက်စဉ်းစားရမည့်ကိစ္စဖြစ်ကြောင်း ကမ့်ဒေးဗစ်အပန်းဖြေ စခန်း၌ပြုလုပ်ခဲ့သော အစိုးရအဖွဲ့ဆွေးနွေးပွဲ၌ သမ္မတ ဒေါ်နယ်ထရမ့် က ထုတ်ဖော်ပြောကြားခဲ့သည်။ ရုရှားသည် လက်ရှိတွင် ယူကရိန်းကို ဘလစ်စတစ်ဒုံးကျည်များဖြင့် ပိုမိုတိုက်ခိုက်လျက်ရှိသည်။ အသံ၏ မြန်နှုန်းထက် ပိုလွန်သောအမြန်နှုန်းဖြင့် ပျံသန်းနိုင်သည့် ဘလစ်စတစ်ဒုံးကျည်များကို ပက်ထရီယော့တ်ဒုံးကျည် များဖြင့်သာ တားဆီးနိုင်ကြောင်းသိရသည်။