“ဟားမက်စ် အပြည့်အဝ လက်နက်ဖျက်သိမ်းရေးနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ပြီဟု ထရမ့် ဆို”
01 Aug
ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု(ဟားမက်စ်) လက်နက်ကိုင်များ အပြည့်အဝ လက်နက် ဖျက်သိမ်းရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ ထရမ့် က ဇူလိုင်လ ၃၀ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပို့စ်ရေးသား ဖော်ပြခဲ့သည်။ အမေရိကန်က အစပြုသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ထိုနေ့တွင် သမိုင်းအနက်အဓိပ္ပာယ်ရှိသော သဘော တူညီချက်တစ်ရပ်ရရှိခဲ့ပြီး ဟားမက်စ်နှင့် ဂါဇာကမ်းမြောင်ဒေသရှိ အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်နက်များကို အပြည့်အဝဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ထရမ့် က ပြောကြားခဲ့သည်။ ဤသဘောတူညီချက်သည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အဓိကကျသောခြေလှမ်း လျှောက်လှမ်းခြင်းဖြစ်သလို ဂါဇာကမ်းမြောင်ဒေသကို နောက်ဆုံးတွင် ပါလက်စတိုင်းအစိုးရသစ်က စီမံခန့်ခွဲမည့် အရေးပါသည့်ခြေလှမ်း ဖော်ဆောင်ခြင်းလည်းဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အဆိုပါသဘောတူညီချက်မှတစ်ဆင့် အစ္စရေးသည် ၎င်းအနေဖြင့် ရသင့်သော လုံခြုံရေးအာမခံချက်ရရှိမည်ဖြစ်ကြောင်း ၎င်းကဆိုခဲ့သည်။ အဆိုပါ သဘောတူညီချက်ကို အဆင့်ခွဲ၍ လုပ်ဆောင်မည်ဖြစ်ပြီး လက်နက်ဖျက်သိမ်းရေးဆိုင်ရာ လုပ်ငန်းများ ပြီးမြောက်သည်နှင့်အမျှ အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသမှ စွန့်ခွာမည်ဖြစ်ပြီး နိုင်ငံတကာတည်ငြိမ်မှု တပ်ဖွဲ့သည် အသစ်ဖွဲ့စည်းထားသော ပါလက်စတိုင်းရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ကာ ဂါဇာကမ်းမြောင်ဒေသ ဒေသခံ ပြည်သူများနှင့် ၎င်းအနီးဝန်းကျင်ဒေသများ၏ လုံခြုံရေးကို အတူတကွ အာမခံချက်ပေးမည်ဖြစ်ကြောင်း ထရမ့် က ပြောကြားခဲ့သည်။ အီဂျစ်၊ ကာတာနှင့် တူကီယဲ စသည့် ကြားဝင်ညှိနှိုင်းပေးသူများက သဘောတူညီချက်ရရှိရန် လုပ်ဆောင်ခဲ့သော ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးတင်ကြောင်း ထရမ့် က ပြောကြားခဲ့သည်။ ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြချက်အရ ထရမ့် ၏ ဤပို့စ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ပြင်ပ၏ တောင်းဆိုမှုများကို ဟားမက်စ်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံရုံး နှစ်ဖက်လုံးက တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ (Repost from Xinhua Myanmar)