“ရုရှားက Telegram စတင်တည်ထောင်သူအား ရှာဖွေဖမ်းဆီးနေ”

31 Jul

ရုရှားနိုင်ငံ ဖက်ဒရယ်လုံခြုံရေးအဖွဲ့က ဇူလိုင်လ ၂၉ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ လူမှုမီဒီယာ Telegram အား ဖန်တီးတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် Pavel Durov အား ရှာဖွေဖမ်းဆီးနေကြောင်း၊ ၎င်းသည် အကြမ်းဖက်လှုပ်ရှားမှုအား ကူညီဆောင်ရွက်ပေးခြင်း သံသယရှိမှုဖြင့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင် ခံနေရပြီး တစ်ကမ္ဘာလုံး ဖမ်းဝရမ်းအမည်စာရင်းတွင် ထည့်သွင်းခံထားရကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံ သတင်းထောက်လှမ်းရေးဌာနသည် Telegram ပလက်ဖောင်းမှ Channel၊ chat tools များဖြင့် ရုရှားနိုင်ငံပြည်တွင်း၌ အဖျက်အမှောင့်လုပ်ဆောင်ရန် လျှို့ဝှက်ကြံစည်မှု၊ အကြမ်းဖက်ဝါဒလှုပ်ရှားမှုအား ထောက်ခံ အားပေးမှု၊ သတ်ဖြတ်မှုနှင့် အွန်လိုင်းလိမ်လည်မှုတို့ကို လုပ်ဆောင်ခဲ့ရာ လူပုဂ္ဂိုလ်ထိခိုက်သေဆုံးမှုနှင့် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာဘီလီယံချီ နစ်နာဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ Telegram အား စီမံခန့်ခွဲသည့်ဘက်ကမူ အထက်ပါ channel နှင့် chat tools များကို ပယ်ဖျက်ခြင်းမရှိကြောင်း၊ ရုရှားနိုင်ငံ ရာဇဝတ်မှုဥပဒေအရ Pavel Durov ကို ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုလုပ်ဆောင်ပြီး ၎င်းအား တစ်ကမ္ဘာလုံးဖမ်းဝရမ်းအမည်စာရင်းတွင် ထည့်သွင်း ခဲ့ကြောင်း ရုရှားနိုင်ငံ ဖက်ဒရယ်လုံခြုံရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်တွင် ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့သည် ပဲရစ်မြို့ မြို့အစွန်အနီးရှိ Bourges လေဆိပ်တွင် Pavel Durov အား ဖမ်းဆီးခဲ့ပြီး ၎င်းအား တရားရုံးသို့လွှဲပြောင်းခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်တွင် ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးမှု တရားဝင်စတင်၍ စွဲချက် ၁၀ ချက် တင်သွင်းခဲ့သည်။ အဆိုပါ စွဲဆိုချက်များအနက် ၎င်းစီမံခန့်ခွဲသည့် အင်တာနက်ပလက်ဖောင်းက တရားမဝင် အရောင်းအဝယ်ပြုလုပ်မှုခွင့်ပြုခြင်း ပြစ်မှုကို အတည်ပြုနိုင်ပါက အများဆုံးထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်ပေသည်။ Pavel Durov သည် ထိုနေ့တွင် ယူရို ၅ သန်းပေးဆောင်ပြီးနောက် အာမခံရခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ပြင်သစ်နိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ Pavel Durov သည် ရုရှားနိုင်ငံ၌ မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိတွင် အသက် ၄၁ နှစ်ရှိပြီဖြစ်ကာ ပြင်သစ်နိုင်ငံနှင့် ယူအေအီးနိုင်ငံ နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားသည်။ Pavel Durov သည် ယမန်သီတင်းပတ်က Telegram တွင် ပို့စ်တင်၍ ၎င်းသည် ဂျော်ဂျီယာနိုင်ငံ၌ ရှိနေသည်ဟု ပြောကြားခဲ့သော်လည်း ၎င်းလက်ရှိမည်သည့်နေရာ၌ ရှိနေ သည်ကိုမူ အတည်မပြုနိုင်ပေ။ (Repost from Xinhua Myanmar)

31 Jul

ADVERTISE HERE .