“မသမာသောနည်းလမ်းအသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီ ဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးမည်”
31 Jul
မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသောနည်းလမ်းအသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအား ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်စစ်ဆေး ရေးအရာရှိရုံးများသို့ စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ကို လျှောက်ထားရယူနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါ စက်သုံးဆီဝယ်ယူခွင့် QR Code အသစ် ထုတ်ပေးနိုင်ရန် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံချက်မူရင်း၊ မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်မိတ္တူ(Colour)၊ ယာဉ်ပိုင်ရှင်၏မှတ်ပုံတင်မိတ္တူ(Colour)၊ ယာဉ် ပိုင်ရှင်၏ နေရပ်လိပ်စာ (မြို့နယ်၊တိုင်းဒေသကြီး/ပြည်နယ်)နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားဆိုင်များတွင် စက်သုံးဆီဝယ်ယူခဲ့မှု အထောက်အထား(ရက်စွဲ၊ အချိန်၊ ဆိုင်အမည်စသည်)တို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဆိုပါအချက်အလက်များနှင့် လျှောက်ထားလာပါက တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများမှ စိစစ်တင်ပြမှုဆောင်ရွက်ပြီးနောက် QR Code အသစ်ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။ QR Code အသစ်ထုတ်ပေးပြီးနောက် အဆိုပါယာဉ်အတွက် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် တွင်ပါရှိတဲ့ Barcode သို့မဟုတ် အရောင်းဆိုင်မှထုတ်ပေးခဲ့သည့် QR Code ဖြင့် စက်သုံးဆီ ဝယ်ယူခွင့်ရရှိမည် မဟုတ်ဘဲ အသစ်ထုတ်ပေးသည့် QR Code ဖြင့်သာ စက်သုံးဆီဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်ပိုင်ရှင်အနေနဲ့ အသစ်ထပ်မံထုတ်ယူသော QR Code ပျက်စီးပျောက်ဆုံးမှုမရှိစေရန် တာဝန်ယူ ထိန်းသိမ်းထားရှိရန်လိုအပ်ကြောင်း အသိပေးထုတ်ပြန်ထားရှိပါတယ်။ (NVS-004)