“သုတေသနနှင့် ဆန်းသစ်တီထွင်မှုဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင်ကို ဖတ်ကြားတင်ပြသွားမည်”
31 Jul
ပညာရေးဝန်ကြီးဌာနရက် (၁၀၀) စီမံကိန်း၏ သုတေသနနှင့်ဆန်းသစ်တီထွင်မှုဖိုရမ်ကို ဇူလိုင်လ ၃၀ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်းဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင်ကို ဖတ်ကြားတင်ပြသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် တို့ တက်ရောက်ခဲ့ကြပြီး စိန်ရတုခန်းမမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ အကျိုးပြုသုတေသနများသည် Pilot အနေနဲ့ ရှေးဦးအစပြု ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများသည် စာတမ်းထုတ်ဝေခြင်း၊ ပုံနှိပ်ခြင်း အတွက်သာမဟုတ်ဘဲ နိုင်ငံတော်၏ မူဝါဒချမှတ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ စက်မှုစီးပွားဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွေ့အကျိုးပြုနိုင်အောင် ချိတ်ဆက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS-004)