“ကူးစက်မှုအရင်းအမြစ်မသိရဘဲ နယူးဇီလန်၌ ဝက်သက်ရောဂါ ကူးစက်မှုတွေ့ရှိ”
31 Jul
နယူးဇီလန်နိုင်ငံ ပါမာစတန်နော့သ်မြို့၌ ကူးစက်မှုအရင်းအမြစ်မသိရသေးသည့် ဝက်သက်ရောဂါ ကူးစက် မှုတစ်ခု တွေ့ရှိခဲ့သဖြင့် နောက်ထပ်ကူးစက်မှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ဇူလိုင်လ ၃၀ ရက်တွင် ပြောကြားသည်။ လက်ရှိ ရောဂါဖြစ်ပွားသူသည် နိုင်ငံရပ်ခြားသို့ ခရီးသွား လာထားခြင်းမရှိကြောင်း သိရပြီး ၎င်းသည် ဇူလိုင်လ ၄ ရက်မှ ၁၈ ရက်အတွင်း ဝယ်လင်တန်မြို့နှင့် ပါမာစတန် နော့သ်မြို့တို့တွင် ဝက်သက်ရောဂါရှိသူနှင့် ထိတွေ့ကူးစက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆထားသည်။ ထို့ကြောင့် နောက်ထပ်ကူးစက်မှုများ ရှိနေနိုင်သေးသဖြင့် စိုးရိမ်နေရကြောင်း ဆေးဘက်ဆိုင်ရာပြည်သူ့ ကျန်းမာရေးကျွမ်းကျင်သူ ရှာရွန်ဆိုင်းမ်က ပြောသည်။ ထို့ပြင် ဇူလိုင်လ ၁၁ ရက်မှ ၁၂ ရက်အတွင်း ဝယ်လင်တန် မြို့သို့ သွားရောက်ခဲ့သူများအနေဖြင့် ဝက်သက်ရောဂါလက္ခဏာများ ရှိ၊ မရှိ စောင့်ကြည့်ကြရန်လည်း တိုက်တွန်း ထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။