“အမေရိကန်ဗဟိုဘဏ် အတိုးနှုန်း မပြောင်းလဲဘဲ ဆက်လက်ထားရှိရန် ဆုံးဖြတ်”

31 Jul

အမေရိကန်နိုင်ငံ၏ဗဟိုဘဏ် Federal Reserve (Fed) ၏ ငွေကြေးမူဝါဒချမှတ်သူများသည် အတိုးနှုန်းကို မပြောင်းလဲဘဲ ယခင်အတိုင်း ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ Fed သည် ယခုအချိန်အထိ ကျင်းပခဲ့သည့် ငွေကြေးမူဝါဒအစည်းအဝေး ငါးကြိမ်ဆက်တိုက် အထိအတိုးနှုန်းကို ပြောင်းလဲခြင်းမရှိဘဲ ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လ ၂၉ ရက်က အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ကယ်ဗင်ဝါ့ရှ် ဦးဆောင်ကျင်းပသည့် ဒုတိယအကြိမ်ငွေကြေးမူဝါဒ အစည်းအဝေးအပြီး အခြေခံအတိုးနှုန်းကို ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၇၅ ရာခိုင်နှုန်းအကြားတွင် မပြောင်းလဲဘဲ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် အရှေ့အလယ်ပိုင်းကဲ့သို့သောဒေသများတွင် မသေချာမရေရာမှုများရှိနေသော်လည်း အမေရိကန်၏ စီးပွားရေးလှုပ်ရှားမှုများသည် ခိုင်မာသောနှုန်းဖြင့် ဆက်လက်တိုးတက်နေသည်ဟု Fed က ထုတ်ပြန်ခဲ့သည်။ အစိုးရ၏ထုတ်ပြန်ထားသော စာရင်းအင်းများအရ ဇွန်လတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် သိသိသာသာ လျော့ကျ ခဲ့သော်လည်း ယင်းနှုန်းသည် ဗဟိုဘဏ်၏ရည်မှန်းချက်ထက် မြင့်မားနေဆဲဖြစ်ကြောင်း ကယ်ဗင်ဝါ့ရှ်က ပြောကြားခဲ့သည်။ ငွေကြေးဖောင်းပွမှုအတွက် လျှော့ပေါ့ထားသည့် ရည်မှန်းချက်မရှိကြောင်း၊ မိမိတို့ကော်မတီ တာဝန်ယူနေသမျှကာလအတွင်း၌လည်း သွယ်ဝိုက်၍လျှော့ပေါ့ထားသည့်ရည်မှန်းချက်မရှိကြောင်းနှင့် မိမိတို့၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ အစည်း အဝေး၌ ကော်မတီဝင်သုံးဦးက ယခုဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့ပြီး အတိုးနှုန်းကို ၀ ဒသမ ၂၅ ရာခိုင်နှုန်း တိုးမြှင့်သင့်ကြောင်း ယူဆခဲ့ကြသည်ဟု NHK သတင်း ဌာနဖော်ပြချက်အရ သိရသည်။

31 Jul

ADVERTISE HERE .